တိုက်ပွဲဖြစ်ပြီးနောက် အုန်းတောရွာကိုမီးရှို့နေလို့ ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးနေရ

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်ဇင်းတိုက်နယ်၊ လင်းဇင်းကျေးရွာအုပ်စု၊ အုန်းတောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာကိုမီးရှို့နေတာကြောင့် ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ဒီမနက် ၉ နာရီကျော်မှာ ပွင့်ဖြူနယ်ဘက်ကနေပြန်ဆုတ်လာတဲ့ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်နဲ့ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးနဲ့ ကျောင်းကုန်းကျေးရွာတွေက ပျူစောထီးအဖွဲ့ဝင် ပူးပေါင်းအင်အား ၂၀၀ ခန့်နဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ရွာထဲကနေအိမ်တွေကို မီးရှို့နေတာလို့ဆိုပါတယ်။

“သူတို့(စကစ)ဘက်က ရောက်လာပြီးတော့ လက်နက်ကြီးအရင်ထောက်တယ်(ပစ်ခတ်တယ်)။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဖက်ထိတွေ့ဖြစ်တယ်။ ပြီးမှ ရွာကိုဝင်မီးရှို့တာ။ စစ်ကြောင်းကတော့ ရွာထဲမှာရှိနေတုန်း။”လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက ပြောပါတယ်။

လက်ရှိအချိန်ထိ အုန်းတောရွာထဲမှာ စစ်ကြောင်းရှိနေသေးတာကြောင့် မီးလောင်ပျက်စီးမှုအခြေအနေကို မသိရသေးသလို တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေနေကိုလည်း မသိရသေးဘူးလို့ဆိုပါတယ်။

စစ်ကြောင်းကမီးရှို့နေတဲ့ အုန်းတောကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ရှိပြီး စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် မီးရှို့ခံရတာလို့သိရပါတယ်။

စစ်ကြောင်းဝင်မီးရှို့နေလို့ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ အုန်းတော၊ မြောင်ကြား၊ လေးရွာ၊ သစ်ခွေအပါအဝင် ကျေးရွာပေါင်း ၅ ရွာကျော်က ဒေသခံ ၄,၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကိုအောင်ဆန်းက ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာအုပ်စု၊ အုန်းတောရွာနဲ့ ကညှပ်ရွာကို မီးရှို့ပြီး ကညှပ်ရွာခံလင်မယား ၂ ဦးကိုလည်း ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။