နေပြည်တော်မှာ ငလျင်ကြောင့်ကုတင် ၁၀၀၀ ဆေးရုံ၊ ဝန်ကြီးဌာနအဆောက်အဦတချို့အပါ ထိခိုက်ပျက်စီးမှုများခဲ့ပြီး လူသေဆုံးမှုရှိ

0 1
0 1

■ တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်အဆောက်အဦတချို့လည်း ပြိုကျဟုဆို

မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၅။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ် မြေမှာ ကုတင် ၁၀၀၀ ဆေးရုံဝန်ကြီးဌာနအဆောက်အဦတချို့အပါအဝင် နေရာအများ အပြား အပျက်အစီးများခဲ့ပြီး လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါ တယ်။

ဇမ္မူသီရိမြို့နယ်ရှိ ကုတင် ၁၀၀၀ ဆေးရုံ၊ စွမ်းအင်နဲ့နိုင်ငံခြားရေးဌာနတွေအပါ ဝန်ကြီးဌာနရုံး တချို့၊ ဝန်ထမ်းအိမ်ယာ၊ Ocean ကုန်တိုက်စတဲ့ အဆောက်အဦတွေအပြင် နေပြည်တော် အတွင်း လမ်းတွေမှာလည်း ကွဲအက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“ (ဆေးရုံ) မျက်နှာကျက်တွေပြိုကျပြီး လူထိခိုက်တာတွေရှိတယ်။ နေပြည်တော်မှာ ထိခိုက် သေဆုံးများတယ်” လို့ နေပြည်တော်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ တဦးက မြေလတ်အသံကို ပြောပါတယ်။

ငလျင်ကြောင့် နေပြည်တော်အတွင်းလမ်းပိုင်းတွေမှာ ထိခိုက်ပျက်စီးမှုတွေများတာကြောင့် ကား လမ်းတချို့ ပိတ်နေကာ သွားလာရခက်ခဲနေတယ်လို့ ဆိုပါတယ်။

နေပြည်တော်မြို့ခံတဦးက “ နေပြည်တော် ကားလမ်းတွေပိတ်နေတယ်။ အစိုးရရုံးခန်းတွေ ထိတယ်။ (ငလျင်လှုပ်တဲ့အချိန်) ကားလမ်းပေါ်မှာ ကားတွေလူးပြီးမောင်းမရဖြစ်တယ်။ ဆိုင်ကယ်တွေမောင်းနေရင်း လဲ ကျကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ရုံးချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ ခလရ ၈၅ တပ်ရင်းတွေမှာ အဆောက် အဦပြိုကျမှုတွေရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော် က တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ၎င်းရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာလည်း နေပြည်တော် အတွင်း ဝန်ထမ်းအိမ်ယာပျက်စီးမှုတွေမှာ ပိတ်မိနေသူတွေရှိ အကူအညီတောင်းခံနေကြတယ်လို့ ဖော်ပြကြပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေအသေးစိတ်တွေကို တော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပုံစာ – နေပြည်တော် MOGE ရုံး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။