31 October 2026 3:03 PM

ကရင်နီတိုက်ပွဲမှာ မင်းလှ ခလရ ၁ က ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊တပ်ရင်းမှူး ထွက်ပြေးလို့ ဖမ်းဆီးစစ်ဆေးခံနေရ

0 2
0 2

ပဲခူး၊ မေ ၂၉၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြိုနယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ တပ်ရင်းက ဗိုလ်ကြီး ၁ ဦး အပါ စစ်ကောင်စီတပ်သား ၅ ဦး မေလ ၂၁ ရက်နေ့က ကရင်နီ (ကယား)ပြည်နယ် တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီတပ် ခလရ ၁ တပ်ရင်းက စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၆၀ ဆင်း ဗိုလ်ကြီး မင်းခန့်ကျော် အပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ သေဆုံးခဲ့တာလို့ တပ်တွင်းသတင်း ရင်းမြစ်တဦးက မြေလတ်အသံကိုပြောပါတယ်။

“ ခလရ ၁ တပ်က ဗိုလ်ကြီး မင်းခန့်ကျော်နဲ့ စစ်သည် ၄ ဦး ကရင်နီဂွင်မှာတိုက်ပွဲကျလို့ ရက်လည်ဆွမ်းသွပ်ကို ပြီးခဲ့တဲ့ စနေနေ့ကလုပ်တယ်။ ခုက အဲ့ဒီမှာ တပ်မ ၆၆ လက်အောက်ခံတွေရော နယ်မြေခံတပ်တွေရောပေါင်းတိုက်နေတာ တခြားတပ်ရင်းတွေလည်း ထိခိုက်သေဆုံးတွေများတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခလရ ၁ တပ်ရင်းဟာအင်းမမြို့အခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက်အောက်ခံတပ်ဖြစ်ပြီး တပ်မ ၆၆နဲ့လက်အောက်ခံ တပ်ရင်း ၁၀ ရင်းဟာ စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတာဖြစ်ကာ ၁ နှစ်ခွဲကျော်ကာလ ရှိပြီ ဖြစ်ပါတယ်။

မေလ ၂၁ ရက်နေ့က ခလရ ၁ က ဗိုလ်ကြီးအပါ ၅ ဦးကျဆုံးခဲ့ပြီးတဲ့နောက် တပ်ရင်းမှူးဖြစ်သူ ဒု-ဗိုလ်မှူးကြီး သူရိန်ဟာ ဆက်လက် စစ်မတိုက်လိုတော့တာကြောင့် မေလ ၂၇ ရက်နေ့က ရှေ့တန်းစစ် မြေပြင်ကနေထွက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းဆီးခံရပြီး စစ်ခုံရုံးနဲ့ ချုပ်နှောင်စစ်ဆေးခံနေရတယ်လို့ဆိုပါတယ်။

“အဲ့ဒီသေသွားတဲ့ ဗိုလ်ကြီးနဲ့ ၅ ယောက်က သူ့ရှေ့မှာတင် ကျသွားတာကိုမြင်ပြီး သွေးပျက်နေတာကနေ နောက်ထပ် RPG ထိပ်ဖူးက သူ့နားကျလာတာကို မကွဲလို့ ကံကောင်းပြီးမသေတာ။ အဲ့တာ သူအရမ်းကြောက် စိတ်ခြောက်ခြားပြီး မသေရင်ပြီးရော မိလည်းထောင်ကျခံမယ်ဆိုပြီး ထွက်ပြေးတာ။ တပ်မက ပြန်လိုက်ဖမ်းတာ မိသွားလို့ ရာထူးချထားပြီး ဖမ်းချုပ်ထားတယ်” လို့ သူက ဆက်ပြောပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကလည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၁၀ ရက်ကြာတိုက်ပွဲပြင်းထန်းခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့် ၁ ဦး၊ ဗိုလ်အဆင့် ၂ ဦးအပါအဝင် ၄၀ ဦးခန့်သေဆုံးကာ သေနတ် ၁၄ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ မေလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန် ဟာ စစ်တက္ကသိုလ် DSA အမှတ်စဉ် ၄၇ ဆင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကရင်နီပြည်၊ ငွေတောင်ဆည် တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ယခင် တပ်ရင်းမှူး DSA ၄၀ ဆင်း ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျရဲ့နေရာကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း အစားထိုးရောက်ရှိလာကာ အဲ့ဒီလ ပထမပတ်အတွင်းမှာဘဲ ကရင်နီပြည်ကို တိုက်ခိုက်ရေး သွားရောက်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ခလရ ၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးသူရိန် ကို တပ်မ ၆၆ နဲ့စစ်ဘက်အကြီးတန်းအရာရှိတွေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-လွိုင်ကော် (ဒကစ လွိုင်ကော်)မှာ စစ်ဘက်အချုပ်နဲ့ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်က အင်းမမြို့အခြေစိုက် တပ်မ ၆၆ နဲ့လက်အောက်ခံ၊ ရှမ်းပြည်နယ်၊ မိုင်းနောင် အခြေစိုက် စကခ ၂ နဲ့လက်အောက်ခံ၊ နယ်မြေခံတပ်တွေဖြစ်တဲ့ ဖယ်ခုံအခြေစိုက် စကခ ၇ နဲ့ လက်အောက်ခံ၊ ဒကစ လွိုင်ကော် စတဲ့ တပ်မ၊တပ်ရင်းအများအပြားနဲ့ထိုးစစ်‌ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း ကရင်ပြည်နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် တပ်မ ၆၆ က တပ်ရင်းမှူးအဆင့်အရာရှိကြီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ကျဆုံးခဲ့ပြီး အရှင်ဖမ်းဆီးခံရမှု၊ ကရင်နီတပ်ဖွဲ့တွေထံဘက်ပြောင်းခိုလှုံမှုတွေ အများအပြားဖြစ်ပေါ်ခဲ့တာပါ။

အဲ့ဒီလို တပ်မ ၆၆ လက်အောက်ခံတပ်တွေ ထိခိုက်သေဆုံးပြုန်းတီးမှုများပြားခဲ့လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာဘဲ ယခင် တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို ဖြုတ်ချ ခဲ့ပြီး ယခုလက်ရှိတပ်မမှူး DSA အပတ်စဉ် ၃၉ ဆင်း ဗိုလ်မှူးချုပ် ဝင်းသူလင်းကို ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ တပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။