31 July 2026 5:26 PM

ဆင်ဖြူကျွန်းမြို့ပေါ်ကို စစ်တပ်က လေထီးနဲ့ရိက္ခာထုပ်တွေပစ်ချပြီး ဗုံးပါကြဲနေ

0 35
0 35

ဆင်ဖြူကျွန်း၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ကို ဒီဇင်ဘာ ၂၆ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေထီးအသုံးပြုကာ ရိက္ခာတွေပစ်ချနေတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက် ၇ နာရီခွဲလောက်မှာ စစ်ကော်မရှင်လေယာဥ်တွေပေါ်ကနေ လက်နက်ခဲယမ်းတွေလို့ယူဆရတဲ့အထုပ်တွေကို လေထီးတွေနဲ့ပစ်ချခဲ့ပြီး နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဆင်ဖြူကျွန်းမြို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“အခုတော့ငြိမ်နေတယ်၊ စစ်ကော်မရှင်က ကောင်းကင်ကနေ လေယာဉ်တွေအသုံးပြုပြီး လေထီးတွေနဲ့ ရိက္ခာလာချတယ်။ ကုန်းလမ်းကနေ ကားတွေနဲ့ သူတို့မလာရဲကြဘူး။ ရိပ်သာ တောင်ဘက်နားမှာ ၃ ထုပ်ကျတယ်၊ သူတို့ဖိနပ်တောင်မပါဘူး။ သေနက် ၃ လက်လောက်နဲ့ ၁၅ ဦးလောက်ရောက်လာပြီး လာသယ်သွားတယ်။” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ ဗုံး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

“အခြေအနေက မကောင်းဘူး။ အောက်ကမတိုက်ဘဲနဲ့ လေယာဉ်နဲ့ အခုကြဲနေတာ၊ အခုကို ၆ လုံးလောက် ရှိသွားပြီ။ ဘယ်တွေကျတယ်ဆိုတာတော့ မသိရသေးဘူး။ ထွက်မှမထွက်ရတာ”လို့ သူက ဆက်ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့မှာ ဒီဇင်ဘာ ၂၃ ရက်မနက်ပိုင်းကစလို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်က နေ့စဥ်နီးပါးလေကြောင်းနဲ့ လက်နက်ကြီးကို အလွန်အကျွံပစ်ခတ်နေတာကြောင့် နေအိမ်ပျက်စီးမှုနဲ့ ဒေသခံထိခိုက်မှုတွေရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဆင်ဖြူကျွန်းမြို့ထဲမှာ ပိတ်မိနေသူတွေရှိနေပြီး တချို့ကတော့ကုန်းလမ်းက တိမ်းရှောင်ဖို့မလွယ်တာကြောင့် ရေလမ်းကနေ အဓိကထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့မှာတော့ ဆင်ဖြူကျွန်းမြို့ပေါ်နဲ့ အနီးတဝိုက်မှာတိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကတော့ မြို့ပေါ်ရှိ မဟာစေတီလှဘုရားအတွင်းမှာ လက်နက်ကြီးတွေတပ်ဆင်ပြီး အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

စလင်းပကဖ ဘက်ကလည်း ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်းပိုက်သွားမှာဖြစ်လို့ မြို့ခံတွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက် မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း စလင်းမြို့နယ်ဘက်ကို ပြောင်းရွှေ့ကြဖို့ မနေ့က မနက်ပိုင်းမှာ ထုတ်ပြန်တိုက်တွန်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။