10 July 2026 3:50 PM

စဥ့်ကူးနယ်က ညောင်ဝန်း၊ ထုံးကြီးထိ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ပြီး တိုက်ပွဲတွေဆက်ဖြစ်နေ

0 52
0 52

စဥ့်ကူး၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်း၊ ထုံးကြီးထိ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ် တိုက်ပွဲတွေဆက်ဖြစ်နေပြီး ပြည်သူသိန်းချီပြေးနေရတယ်လို့ ​ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒီဇင်ဘာလ ပထမအပတ်လောက်ကစတင်ပြီး မတ္တရာဘက်ကနေ အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရွှေပြည်၊ တောင်အင်းကျေးရွာတွေဘက်ထိရောက်လာခဲ့သလို ဒီဇင်ဘာ ၁၃ ရက်နေ့ညနေပိုင်းမှာ ညောင်ဝန်းကျေးရွာနဲ့ထုံးကြီးကျေးရွာကို ထပ်မံသိမ်းနိုင်သွားတယ်လို့ ဆိုပါတယ်။

“ညောင်ဝန်းကော ထုံးကြီးကော စကစလက်ထဲပြန်ပါသွားတယ်။ ကိုယ့်ဘက်ကခုခံသူအရမ်းနည်းတယ်။ ဒါတောင်မြင်းခြံဘက်က ကျားမဲတွေကျေးဇူးတင်သင့်တာ။ သူတို့မလာရင် ခုလောက်ဆို လက်ပန်လှတောင် စကစ ထိန်းချုပ်နိုင်လောက်ပြီ။ ခုလည်း လက်ပန်လှနဲ့အရမ်းကပ်နေပြီး”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ရက်နေ့မနက်ပိုင်းမှာ စစ်ကော်မရှင်စစ်ကြောင်း ၂ ခုဟာ သူတို့သိမ်းပိုက်ထားတဲ့ ညောင်ဝန်းရွာကနေ မြောက်ဘက်က ငွေတောင်ရွာဘက်ကို စစ်ကြောင်းထပ်တိုးလာပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်စစ်ကြောင်းရောက်နေတဲ့ ကျေးရွာဟာ လက်ပန်လှကျေးရွာက ၅ မိုင်သာဝေးတော့တယ်လို့ ဆိုပါတယ်။ ထုံးကြီးရွာကစစ်ကြောင်းက ရွာတော်ဘက်ကို ဆက်တိုးနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန် လမ်းတလျှောက်မှာ တိုက်ပွဲ ၇ ကြိမ်ထက်မနည်းဖြစ်ထားပြီး စစ်ကော်မရှင်ဘက်က လေ​ကြောင်းကနေ ဗုံးကြဲတာမျိုးတွေလည်း ရှိ​နေပါတယ်။

“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ စဥ့်ကူးမတ္တရာချုပ်စပ်ကို ဝင်လာကတည်းက နေ့စဥ်ဖြစ်နေတာ။ ကိုယ့်ဘက်ကဘဲ ဆုတ်ပေးနေရတယ်။ တိုက်ပွဲကလည်း နင်လား၊ ငါလားဖြစ်နေတာမဟုတ်ဘူး။ လက်နက်ကြီးအားကုန်ပစ်ပြီး လေကြောင်းပစ်ကူတွေနဲ့လာနေတာ”လို့ အထက်ပါ ဒေသကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းပစ်ကူတွေ ဆက်တိုက်လုပ်နေလာလို့ ရွေပြည်၊ ညောင်ဝန်း၊ သရော်ပင်၊ ထုံးကြီး၊ တောင်အင်း၊ ကျောက်ငနွား၊ ယက္ကန်းစင်၊ လက်ပန်လှ၊ ရွာတော်လေးတောင်၊ မြောက်အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်အပါအဝင် မတ္တရာနယ်ဘက်ကနေ စစ်လာရှောင်နေတဲ့ပြည်သူ ၁၀၀,၀၀၀ ကျော်ပါ ထပ်မံထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စဥ့်ကူးနယ်ထဲကို စစ်ကြောင်းဝင်လာတဲ့ ဒီဇင်ဘာ ၁၄ ရက်ထိ အတွင်းမှာ စစ်ကော်မရှင်ဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။