သပိတ်ခေါင်းဆောင်တွေမြို့တွင်းက ပြန်မထွက်သေးဘူးဆိုကာ စစ်တပ်က ရှောင်တခင်ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်လုပ်

0 18
0 18

◼ အသံတိတ်သပိတ်မတိုင်မီ မန္တလေးမှာ လုံခြုံရေးတိုးမြှင့်တင်းကျပ်

မန္တလေး၊ ဒီဇင်ဘာ ၉၊ ၂၀၂၅။

မြို့တွင်းကနေ ဆန္ဒပြသပိတ်ခေါင်းဆောင်တွေပြန်မထွက်သေးဘူးဆိုကာ မန္တလေးမြို့မှာ စစ်ကော်မရှင်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီး လမ်းတွေမှာရှောင်တခင်စစ်ဆေးတာ‌‌တွေနဲ့ နေအိမ်တွေကို ရှောင်တခင်ဧည့်စာရင်းစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၈ ရက် မနေ့ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုထောင်အနီးနဲ့ ညောင်ကွဲရပ်ကွက်တွေက နေအိမ်တချို့ကို ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဓာတ်ပုံတွေပြကာ တွေ့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ဧည့်စာရင်းစစ်ဆေးတဲ့စစ်ကော်မရှင်တပ်သားတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

” နေ့တိုင်းမြို့အစွန်ရပ်ကွက်တွေမှာ လုံခြုံရေးချထားတယ်။ ရဲကားနဲ့စစ်ကားတွေလည်း မြို့ထဲတောက်လျှောက်ပတ်နေတာ။ တချို့နေရာတွေဆို ရဲတွေကို အပြည့် တနေကုန်ကင်းချထားတာမျိုးလည်း တွေ့ရတယ်” လို့ မန္တလေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ – မန္တလေးမြို့တွင်းမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့။ (ပုံဟောင်း)
ပုံစာ – မန္တလေးမြို့တွင်းမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့။ (ပုံဟောင်း)

မန္တလေးအခြေစိုက် စစ်ကော်မရှင်တပ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)တဦးကတော့ ဆန္ဒပြသပိတ်လုပ်ဆောင်သူတွေဟာ မန္တလေးမြို့တွင်းမှာပဲရှိနေနိုင်သေးပြီး အလွန်ဆုံးမြို့နီးအစပ်မှာပဲရှိနိုင်သေးတာကြောင့် မိအောင်ဖမ်းဆီးမယ်ဆိုကာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင်မြို့တွင်းက အများပြည်သူစည်ကားရာ ဈေးတွေမှာလည်း ဆန္ဒပြခံရပြီးနောက်တရက် ဒီဇင်ဘာ ၄ ရက်ကနေ ဒီကနေ့ ဒီဇင်ဘာ ၉ ရက်အထိ လုံခြုံရေးတွေချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာလည်း အသံတိတ်သပိတ်ပြုလုပ်ဖို့ ကြေညာထားတာကြောင့် မန္တလေးမြို့ကို လုံခြုံရေးပိုကြပ်နေတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ပုံစာ – ဒီဇင်ဘာ ၈ ရက်က မန္တလေးတွင် ဆန္ဒပြခဲ့သည့် သပိတ်ခေါင်းဆောင်များ။ (ဓါတ်ပုံ – Tayzar San Facebook)
ပုံစာ – ဒီဇင်ဘာ ၈ ရက်က မန္တလေးတွင် ဆန္ဒပြခဲ့သည့် သပိတ်ခေါင်းဆောင်များ။ (ဓါတ်ပုံ – Tayzar San Facebook)

ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းက စစ်ခေါင်းဆောင် မန္တလေးမြို့ရောက်ရှိနေချိန် လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက လူစည်ကားရာမန္တလေးစျေးချိုအနီးမှာ ဒေါက်တာတေဇာဆန်းဦးဆောင်တဲ့ သပိတ်အဖွဲ့တွေဟာ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကိုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။

အဲ့ဒီနေ့ကတည်းက မန္တလေးမြို့မှာ သပိတ်ခေါင်းဆောင်တွေကိုရှာဖွေဖို့ မြို့တွင်းမှာစစ်ဆေးမှုတွေတင်းကျပ်နေပြီး မြို့တွင်းနေရာအများအပြားမှာ လုံခြုံရေးအင်အားအများအပြားတိုးမြှင့်ချထားတာလို့ မြို့ခံတွေဆီက သိရပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။