စစ်ကိုင်းမှာ UBP ပါတီ ကိုယ်စားလှယ်ဟောင်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

0 1
0 1

စစ်ကိုင်း၊ မေ ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက် စစ်ကိုင်း-မုံရွာကားလမ်းဘေးမှာ မေလ ၅ ရက် မနေ့ ညနေ ၅ နာရီခန့်က အမျိုးသား ၁ ဦးပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကိုယ်စားလှယ်ဟောင်း အသက် ၅၈ နှစ်အရွယ်ရှိ ဦးသီဟထွန်းဖြစ်ပြီး စစ်ကိုင်း-မုံရွာကားလမ်းဘေး၊ ရထားလမ်းအကျော်က အောင်မြင့်မြတ်ကွမ်းယာဆိုင်အနီးမှာရှိနေချိန် သေနတ်နဲ့ပစ်ခံရလို့ နေရာမှာဘဲသေဆုံးသွားတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

” သူနေတာက ရွာသစ်ကြီးမှာနေတာ။ ခုဖြစ်တာက ဆွမ်းချက် ရထားလမ်းအကျော်နားမှာဖြစ်တာ။ သူအလုပ်အကိုင်ကတော့ အရောင်းဝယ်လုပ်တယ်လို့တော့ သိရတယ်။ ကျန်တဲ့အခြေနေကတော့ သူဘာတွေလုပ်လဲဆိုတာမသိရဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတာကြောင့် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့သေဆုံးနေလို့ ဒေသလူမှုကူညီရေးအဖွဲ့တွေက စစ်ကိုင်းဆေးရုံကိုပို့ပေးခဲ့ရပြီး ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ဦးသီဟထွန်းရဲ့နာရေးကို မိသားစုဝင်တွေရဲ့ဆန္ဒအရ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဦးသီဟထွန်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကနေ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ ကနေ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဥ်ပြိုင်ခဲ့သူဖြစ်ပြီး သူရဦးရွှေမန်းဦးဆောင်တဲ့ UBP ပါတီဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကစလို့ နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ထားတာမရှိသေးသလို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာလည်း မသိရသေးပါဘူး။

ဧပြီလ၂၀ ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး မီးရထားရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာထိုင်နေချိန် သေနတ်သမားတွေကဝင်ရောက်ပစ်ခတ်လို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။