လေယာဥ်နဲ့ဗုံးကြဲခံရလို့ ဒေသခံ ၃ ဦးသေပြီး၊ ၃ ဦးဒဏ်ရာရ

0 1
0 1

ပဲခူး၊ မေ ၃၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနဲ့ ကျွဲလမ်းကျေးရွာ တို့ကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မေလ ၂ ရက် မနေ့ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ အဆိုပါ ကျေးရွာတွေထဲကို ဗုံး ၈ လုံး ကြဲချခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဗုံးကြဲသလို စက်သေနတ်နဲ့ ပစ်တာလည်း ရှိတယ်။ ဘုမ္မတီး စကစ တပ်စွဲထားတဲ့နေရာကနေလည်း လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ လေယာဥ်ဗုံးကျတာမဖြစ်ခင် တနာရီလောက်အလိုမှာ ဘုမ္မတီးမှာ တပ်စွဲထားတဲ့ စကစနေရာကို ကာကွယ်ရေးအဖွဲ့တွေဘက်က ဝင်ပစ်တာရှိတယ်။ အဲဒါကြောင့် လေယာဥ်နဲ့ ဗုံးလာကြဲတဲ့ အခြေနေထိ ဖြစ်သွားတယ်လို့ ယူဆရတယ်။ စကစ ဘက်က လေယာဥ်နဲ့ လာကြဲချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက ရွာထဲမှာ တယောက်မှ မရှိတော့ဘူး။ ရွာသားတွေပဲ ကျန်တဲ့အချိန် လာလုပ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ခုလိုဗုံးကြဲပစ်ခတ်လို့ ကျွဲလမ်းကျေးရွာနေ ကိုရဲစိုးအောင် ၃၀ နှစ်၊ မစုလှိုင်အေး ၂၂ နှစ်၊ မလဲ့လဲ့ခိုင် ၃၀ နှစ်တို့ သေဆုံးခဲ့ပြီး၊ မောင်ထွန်းဝင်း ၂၂ နှစ်၊ ဦးညွှန့်မောင် ၅၅ နှစ်၊ သရက်တန်း ကျေးရွာနေ မပိုးအိသိမ့် ၁၂ တို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လတ်တလော စုံစမ်းသိရှိထားချက်အရ ဘုမ္မတီးကျေးရွာက ဘုန်းကြီးကျောင်း ၁ ကျောင်း၊ နေအိမ် ၂ လုံး၊ ကျွဲလမ်းကျေးရွာက နေအိမ် ၁ လုံး ပျက်စီးထားပြီး နောက်ထပ် နေအိမ်အချို့ ပျက်စီးတာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ညကတော့ ဘုမ္မတီးရွာ စကစ တပ်စွဲထားတဲ့နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိခဲ့သေးတယ်။ မေလ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ မြေပြင်အခြေနေကတော့ ငြိမ်သက်နေတယ်။ ရွာမှာလည်း လူတွေက မရှိတော့ဘူးလေ” လို့ အထက်ပါဒေသခံက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်လို့ ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်းကျေးရွာက ဒေသခံ ၄၀၀၀ ကျော်က ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

မတ်လ ၂၆ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ဂွအိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၁၆ နှစ်အရွယ် ဒေသခံ လူငယ် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။