စစ်ကြောင်းထိုးခံနေရတဲ့ရေစကြိုမှာ အမျိုးသား ၂ ဦးအသတ်ခံထားရပြီး လူ ၅,၀၀၀ ခန့်ထွက်ပြေးနေရ

0 23
0 23

ရေစကြို၊ နိုဝင်ဘာ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ရွာခံအရပ်သား ၂ ဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ စတင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာစစ်ကြောင်း ၃ ကြောင်းခွဲကာ ရွာသစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး အဲ့ဒီစစ်ကြောင်းတွေက ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ညောင်စောက်ရွာကိုရောက်ရှိလာချိန် ရွာခံ ၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၂​ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

” စစ်ကြောင်းလာတော့ ရွာထဲကလူတွေက အကုန်ထွက်ပြေးကြတာ။ အဲ့ဒီ ၅ ဦးပဲ အဖမ်းခံလိုက်ရတာ၊ အဖမ်းခံရတဲ့ ၅ ဦးကို ရွာထဲကနေ ပြေးခိုင်းတာ။ ညောင်စောက်ရွာအဝင်မှာ ၂ ဦးကတော့ ပစ်သတ်ခံလိုက်ရတယ်။ ၃ ဦးကတော့ လွတ်သွားတယ်” လို့ ရေစကြိုဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူ ၂ ဦးကတော့ အသက် ၂၀ ကျော်အရွ​ယ်လူငယ်အမျိုးသားတွေဖြစ်ပြီး စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

ဒါ့အပြင် စစ်ကြောင်းက ရွာသစ်ရွာကို စတင်ဝင်ရောက်တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ နေအိမ် ၃ လုံးကို မီးရှို့ခဲ့ပြီး ဒီကနေ့ ညောင်စောက်ရွာကို ရောက်ရှိချိန်မှာလည်း နေအိမ်တွေကို ထပ်မံမီးရှို့နေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

” နေအိမ်တချို့မီးရှို့နေတယ်။ ညောင်စောက်ရွာက အိမ် ၁၀ လုံးလောက်ပါသွားတယ်။ ဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်နေအိမ်တွေကို မီးရှို့သွားတာ။ ဒီနေ့မနက် ၇ နာရီကျော်လောက်က စရှို့တာ” လို့ ဆိုပါတယ်။

ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ခလရ ၂၅၇ နဲ့ ခလရ ၂၅၈ တပ်တွေကနေ ထွက်ခွာလာတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့တွေလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေကြောင့် ရေစကြိုမြို့နယ်အတွင်းက ရွာသစ်၊ ကမ္ဘဲ၊ ညောင်စောက်၊ သမန္တပို့ရွာတွေက ဒေသခံ ၅,၀၀၀ နီးပါး စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။