11 July 2026 1:14 PM

ခင်ဦးမှာ ဒေသခံတွေအပြင် စစ်ရှောင်တွေပါ ရေမလောက်ငှမှုနဲ့ ရင်ဆိုင်နေရ

0 1
0 1

ခင်ဦး၊ မေ ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေမှာ ရာသီဥတုပူပြင်းလာလို့ ရေအိုင်တွေခမ်းခြောက်ပြီး သောက်ရေ၊ သုံးရေခက်ခဲမှုတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယခုနှစ် နွေရာသီမှာ ရေရှားပါးမှုတွေ ပိုမိုကြုံတွေ့လာရတာဖြစ်ပြီး ဧပြီလထဲမှာ အခြေနေတွေက ပိုဆိုးရွားလာပြီး တိရစ္ဆာန်သေဆုံးမှုတွေထိ ဖြစ်လာတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

ဓါတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး

“နဂိုကဆို ရေအိုင်တွေရှိတယ်။ အဲ့အိုင်တွေကနေ ချိုးရေဆိုလည်းဒါပဲ။ သောက်ရေဆိုလည်း ဒါပဲ။ ဒါပေမယ့် ခုနွေရာသီရောက်တဲ့အခါမှာ အဲ့အိုင်တွေကလည်း ရေတဖြည်းဖြည်းခမ်းလာတယ်။ ရေတော်တော်ကို ရှားပါးပြီး သောက်ရေအတွက် ရေရတဲ့နေရာထိကို လှည်းတွေနဲ့ လာသယ်နေရတယ်။ ညအိပ်လာသယ်ရတာတွေရှိတယ်။ လူတွေသောက်ဖို့တောင် ခက်ခဲနေတော့ နွားတွေကိုလည်း အချိန်မှန်မှန်မတိုက်နိုင်တော့ သေဆုံးတာတွေ ဖြစ်ကုန်တာ။” လို့ ပြောပါတယ်။

လက်ရှိကာလမှာတော့ ရွှေလင်းပင်၊ ရွှေလူးအိုင်၊ စပ်ချောင်း၊ အုန်းပင်ကုန်း၊ စိုင်ဂေါင်းစတဲ့ ကျေးရွာတွေမှာ ရေရှားမှုအဆိုးဝါးဆုံး အခြေနေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး
ဓါတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး
ဓါတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး

တချို့ကျေးရွာတွေမှာတော့ တခြားဒေသက လာရောက်စစ်ရှောင်သူတွေများလာတဲ့အတွက် လူဦးရေတိုးလာကာ ရေမလောက်ငှမှုတွေ ကြုံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေဝင်ရောက်လာရင်လည်း ကျေးရွာမှာရှိတဲ့ အဝီစိတွင်းတွေကို ဖျက်ဆီးသွားတာတွေရှိပြီး ရေပိုက်ထဲကို အမှိုက်ထည့်ပိတ်တာတွေ ၊ ၄၀ မမကျည်ဆန်တွေနဲ့ ထည့်ပိတ်တာတွေလုပ်ထားခဲ့တဲ့အတွက် ရေခက်ခဲမှုက ပိုကြုံနေရတယ်လို့ ဆိုပါတယ်။

အခုလက်ရှိ ရေလုံးဝခက်ခဲနေတဲ့ ကျေးရွာတွေကိုတော့ ရေတွင်းတွေတူးပေးဖို့ လုပ်ဆောင်နေပြီး၊ ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေအတွက် ရေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။