ပျူစောထီးအားကောင်းတဲ့ရွာ ၂ ရွာကို PDF သိမ်းပိုက်ပြီး စစ်သား ၃ ဦးကိုလက်နက်ခဲယမ်းတွေဖမ်းမိ

0 24
0 24

ပေါက်၊ နိုဝင်ဘာ ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေအထိုင်ချတပ်စွဲထားတဲ့ကျေးရွာတွေထဲအထိ ဒေသခံတော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၃ ဦးနဲ့ လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အတွင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ကျုံး၊ သစ်ချိုကုန်း၊ ထန်းပေါက်ကုန်း၊ ချိုင်စောက်၊ ဖလံရွာကိုင်း၊ ကျောက်တိုင်ခင်ရွာနဲ့ ညောင်စင်တောတိုက်တို့မှ စစ်ကော်မရှင်နဲ့ ပျူစောထီးတွေကိုတိုက်ခိုက်ခဲ့ရာ ထန်းပေါက်ကုန်းရွာအနီးမှာ စစ်ကော်မရှင်တပ်သား ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က အရှင်ဖမ်းမိတာ၊ သူတို့ကို ဖမ်းမိတာက ဒီကောင်တွေက အစာအာဟာရပြတ်နေပြီ၊ ဒီကောင်တွေစစ်ကြောင်းကို လိုက်ရှင်းရင်းနဲ့မိတာ၊ ထန်းပေါက်ကုန်းရွာ အရှေ့တောင်ဘက်မှာ ဖမ်းမိတာ”လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်လက်ယာက မြေလတ်အသံကို ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်မှာ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှာ ချိုင်စောက်ရွာ၊ ဖလံရွာကိုင်းရွာ၊ ညောင်စင်တောတိုက်ရှိ စစ်ကော်မရှင်တပ်တွေကို တိုက်ခိုက်ကာ နိုဝင်ဘာ ၂၀ ရက်မှာ ထန်းပေါက်ကုန်းရွာနဲ့ ကျောက်တိုင်ခင်ရွာကို တိုက်ခိုက်ချိန် စစ်ကော်မရှင်တပ်ဖွဲ့ ၃ ဦးကိုဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တပ်မ ၄၁၈ မှ အသက် ၂၆ နှစ်အရွယ်တပ်သားအောင်ပိုင်ဦး၊ ၁၉ နှစ်အရွယ် ညီညီနိုင်နဲ့ တပ်မ ၄၁၉ မှ ၃၂ နှစ်အရွယ် တပ်သားထွန်းမင်းဇော်ကတော့ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်သားအောင်ပိုင်ဦးနဲ့ ညီညီနိုင်တို့ဟာ စစ်မှုထမ်းအပတ်စဥ် ၁၅ ဆင်းထားသူတွေဖြစ်ပြီး တပ်သား ထွန်းမင်းဇော်က စစ်မှုထမ်းအပတ်စဥ် ၁၀ ဆင်းထားသူဖြစ်ကာ ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့နယ်မြေတွေကို စစ်ကြောင်းထိုးဖို့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကိုရောက်ရှိပြီးနောက် စစ်ကြောင်းထိုးလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီတပ်သားတွေဆီက RPG၊ ခြောက်လုံးပြူးသေနတ်နဲ့ ခဲယမ်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဘက်က ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာတွေကိုပူးပေါင်းသိမ်းပိုက်ခဲ့ပြီး ပင်တောင်ရွာကိုတိုက်ခိုက်ချိန်မှာ စစ်ကော်မရှင်ဘက်ကအင်အားအများအပြားနဲ့ စစ်ကူလာတဲ့အတွက် ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေသိမ်းပိုက်တိုက်ခိုက်ခဲ့တဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအင်အား ၈၀ ဝန်းကျင်လောက်တပ်စွဲနေကြတာဖြစ်ပြီး တိုက်ခိုက်ခံရတာကြောင့် ပင်ထောင်ရွာဆီကို ထွက်ပြေးသွားကြတယ်လို့ ဗိုလ်လက်ယာ ကပြောပါတယ်။

လက်ရှိ ပင်ထောင်ရွာမှာ စစ်ကော်မရှင်အင်အား ၁၈၀ နီးပါးရှိနေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရွာ ၂ ရွာမှာတော့ စစ်ကော်မရှင်တပ်တွေပြန်လည်နေထိုင်နေတာမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပြီးနောက် ပေါက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း မြိုင်မြို့နယ်၊ တွင်းမရွာမှာ ပြည်သူပိုင်ပစ္စည်းတွေကို ဝင်ယူတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မြိုင်မြို့နယ်ပကဖတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။