ဂန့်ဂေါ၊ တောင်ခင်ရန်းရွာနေအိမ်တွေကို လေယာဥ်နဲ့ဗုံးကြဲလို့ မိသားစုလိုက်သေဆုံး၊ ဒဏ်ရာရ

0 18
0 18

မြေလတ်အသံ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ တောင်ခင်ရန်းရွာထဲကို နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီကျော်မှာ တိုက်လေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာဖြစ်ပြီး ကျေးရွာတွင်းနေအိမ်တွေကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါ တယ်။

” ဒဏ်ရာရ၊ သေဆုံးသူတွေက မိသားစုဝင်တွေ။ မိသားစုက ၂ စုထက်မနည်းဘူး၊ ထိခိုက်တာ” လို့ မြေပြင်အခြေအနေကိုသိရှိသူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

နေအိမ်တွေပေါ်ဗုံးကျရောက်ပေါက်ကွဲတာကြောင့် တောင်ခင်ရန်းရွာခံ အသက် ၃၀ နှစ်ခန့်ရှိ ဦးနိုင်ထွန်း သေဆုံးခဲ့ပြီး ၎င်းရဲ့မိသားစုဝင်တချို့အပါအဝင် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရှိခဲ့တဲ့အပြင် နေအိမ် ၂ လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တောင်ခင်ရန်းကျေးရွာဟာ ပျူစောထီးနဲ့ စစ်ကော်မရှင်တပ်စခန်းအထိုင်ချတပ်စွဲထားတဲ့ မြောက်ခင်ရန်း ကျေးရွာနဲ့ ၁ မိုင်ကျော်ကွာဝေးပြီး လတ်တလောမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အထက်ပါအမျိုးသားက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာအနီးကို တိုက်လေယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုမှာ လူနဲ့နေအိမ်တွေထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။