ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ် RPG ကွဲပြီး စစ်သား ၂ ဦးသေဆုံးဟုဆို

0 7
0 7

ပေါက် ၊ နိုဝင်ဘာ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သယ်ဆောင်လာတဲ့ RPG ထိပ်ဖူး ပေါက်ကွဲပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျားတပ်ဖွဲ့-တကိုယ်တော် ကျားဇိုး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်‌နေ့က၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ စတင်ထွက်ခွာလာတဲ့ အင်အား ၈၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မုန်တိုင်းချောင်းဇရပ်နားမှာ နားနေချိန် RPG ထောင်ထားတာက ကွဲထွက်သွားပြီး စစ်သား ၂ ဦး သေဆုံးတာလို့ ဆိုပါတယ်။

” RPG ထိပ်ဖူးကွဲတာ မဟုတ်ဘူး။ ပြောင်းကွဲသွားတာ။ အဖူးက သူတို့ထိပ်ကမဖြုတ်ရသေးပဲနဲ့ အဖူးက ဘေးထွက်သွားတာ “လို့ တကိုယ်တော် ကျားဇိုး ဒေသခံကာကွယ်ရေးတပ်က ဗိုလ်ကျားဇိုးက ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့်စစ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ အတွင်းဖရဲသီးရဲ့ သတင်းပေးချက်အရသိရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် နောက်ထပ် RPG ထည့်ထားတဲ့ ကျောပိုးအိတ် ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ မိတ္ထီလာတပ်မ ၉၉ က လာတဲ့စစ်ကြောင်းဖြစ်ပြီး ကပစ ၂၂ ထဲကို ဝင်ကာ လက်ရှိမှာအင်အား ၈၀၀ လောက်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲကာကျေးရွာတွေကို စစ် ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စစ်ကြောင်း ၁ ကြောင်းက ပေါက်မြို့နယ် ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ဝင်ရောက်သွားပြီး နောက်ထပ်အင်အား ၃၀၀ ခန့်လောက်က ထန်းတောလယ်ဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ထန်းတောလယ်ရွာဘက်ကို ထိုးနေတဲ့စစ်ကြောင်းဟာ အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး မနေ့ညက တပ်ကံရွာ နေအိမ်တွေကို မီးရှို့ခဲ့ကာ ရှားပင်ရွာက ရိုးကြီးတဲတိုက်မှာလည်း အသက် ၃၉၊ ၄၀ အရွယ်အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတွေဟာ လက်ရှိမှာတော့ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာ၊ ထန်းတောလယ်ရွာ၊ စမ်းရိပ်ခုံရွာတို့မှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းတွေကြောင့် ရေထွက်ရွာ၊ ရှားတောရွာ၊ ရှားပင်ကြီး၊ ကန်တောရွာ၊ အုန်းမှင်ရွာ၊ ထန်းတောလယ်ရွာ၊ ကံကြီးရွာ၊ ချက်ကန်ရွာ အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာလောက်ကဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။