ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄ ဦးမှာ ကင်ဆာရောဂါသည် သက်ကြီးအမျိုးသမီးလည်း ပါဝင်

0 1
0 1

ပြည်၊ ဧပြီ ၂၄၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ အကျဥ်းထောင်ကနေ သာယာဝတီအကျဥ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသူ ၄ ဦးထဲမှာ ကင်ဆာရောဂါသည် သက်ကြီးအမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့နေ အသက် ၆၀ အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်မာမာအေးဟာ ရင်သားကင်ဆာ ဝေဒနာ ခံစားနေရတာဖြစ်ပြီး သူနဲ့အတူ နိုင်ငံရေးအကျဉ်းသူ ၃ ဦးကို ဧပြီလ ၂၂ ရက်နေ့က မိသားစုဝင်တွေမသိဘဲ ထောင်အာဏာပိုင်တွေက ပြောင်းရွှေ့လိုက်တာလို့ ဆိုပါတယ်။

“မိတ်ဆွေတွေ ပါဆယ်ပို့ဖို့ သွားတော့မှ ပြောင်းသွားပြီလို့ ပြောမှသိရတာပါ။ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ခုအချိန်အထိတော့ ဆေးကုသတာ မရှိသေးဘူးဗျ။ ကျန်းမာရေးက သိရသလောက်တော့ ညစဉ်အဖျားတက်တယ်လို့ သိရတယ်။ မပြည့်ပြည့်ဝင်းက အနီးကပ်ပြုစုပေးနေတယ်လို့လည်း သိရတယ်။ တခြားတော့ ဘာမှမသိရဘူးဗျ” လို့ ဒေါ်မာမာအေးနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထောင်ပြောင်းရွှေ့ခံရသူတွေဟာ ကင်ဆာဝေဒနာသည် ဒေါ်မာမာအေး၊ မဆုဝေဖြိုး၊ မပြည့်ပြည့်ဝင်းနဲ့ ဒေါ်စာဥတို့ နိုင်ငံရေးအကျဉ်းသူ ၄ ဦးဖြစ်ပြီး ပြည်ထောင်တွင်း ဖိနှိပ်မှုတွေကို ဆန့်ကျင်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် သာယာဝတီထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။

ဒေါ်မာမာအေးဟာ ပေါင်းတည်အကျဥ်းထောင်အတွင်း ရှိနေချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှု မရရှိသလို အမှုရင်ဆိုင်ဆဲကာလမှာလည်း ရှေ့နေလိုက်ပါခွင့် မရရှိဘဲ အကျဥ်းသားအခွင့်အရေးပါ ဆုံးရှုံးခဲ့ရတယ်လို့ သူနဲ့ရင်းနှီးတဲ့ရှေ့နေတဦးက ဆိုပါတယ်။

ဒေါ်မာမာအေးဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လက ကြို့ပင်ကောက်မြို့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့သားဖြစ်သူကို လာဖမ်းချိန် မတွေ့ရှိတာကြောင့် မိခင်ဖြစ်သူ ဒေါ်မာမာအေးကို စစ်ကောင်စီက ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊မတရားသင်းပုဒ်မ ၁၇(၁)နဲ့ တရားစွဲပြီး ခုခံချေပခွင့် မရဘဲ စစ်ကောင်စီတရားရုံးက ထောင် ၅ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။