31 July 2026 4:53 PM

ရေစကြိုက ရွာ ၂ ရွာကို စစ်ကောင်စီမီးထပ်ရှို့ပြီး ဒေသခံ ၃ သောင်းဝန်းကျင်လည်း စစ်ရှောင်နေရ

1 5
1 5

ရေစကြို၊ မတ် ၁၉၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ဘိစပ်ကုန်းရွာနဲ့ ငတရော်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂ ရက်ဆက် မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၁၈ ရက်မနက်မှာ ဘိစပ်ကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် မတ် ၁၉ ရက် မနက် ၉ နာရီခန့်မှာ ငတရော်ရွာက နေအိမ်တွေကိုပါ ထပ်မံမီးရှို့ခဲ့တာပါ။

“ဘိစပ်ကုန်းရွာက အိမ်ခြေ ၁၀၀ ကျော်ရှိတယ်။ မီးထဲပါသွားတာကတော့ အသေးစိတ်တော့မသိရသေးဘူး၊ ရွာထဲကို ပြန်မဝင်နိုင်ကြသေးဘူး။ ငတရော်ရွာကိုလည်း နောက်နေ့ဆက်မီးရှို့ကြတာ။”လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။

ဘိစပ်ကုန်းရွာနဲ့ ငတရော်ရွာ တို့က မီးလောင်ပျက်စီးတဲ့ အိမ်ခြေအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“ငတရော်ရွာက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း စစ်တပ်က မီးရှို့သွားတာ၊ အိမ်ခြေ ၅၀၀ လောက်ရှိတာကို အိမ်ခြေ ၂၀ ပဲကျန်တယ်။ ၂ နှစ်အတွင်းမှာ ပြန်လည်ထူထောင်ပြီးတော့ အိမ်အဖြစ်တည်ဆောက်ထားကြတာ။ အိမ်တွေပြန်ဆောက်ထားတာ မကြာသေးဘူး။ ရွာက ထွက်ပြေးနေကြရတော့ ရွာထဲလည်းမဝင်နိုင်တော့ အိမ်ခြေဘယ်လောက်မီးထဲပါတာ မသိနိုင်သေးဘူး။”လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။

ဘိစပ်ကုန်းရွာနဲ့ ငတရော်ရွာ ၂ ရွာပေါင်းမှာ စုစုပေါင်းလူဦးရေ ၁ ထောင်ကျော်ရှိပြီး ဒေသခံတွေလည်း ရွာကနေ တိမ်းရှောင်‌နေကြရပါတယ်။

မီးရှို့တဲ့စစ်ကြောင်းဟာ ပခုက္ကူတပ်မ ၁၀၁၊ ရေစကြို ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်က စစ်သားတွေနဲ့ မင်းရွာက ပျူစောထီးတွေပါဝင်ပြီး လက်ရှိ ငတရော်ရွာမှာအထိုင်ချတပ်စွဲနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစပြီး အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတွေကိုမီးရှို့တာ၊ ဒေသခံတွေသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မတ် ၁၄ ရက်နဲ့ ၁၅ ရက်မှာလည်း အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ မြေတော်ရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်တပ်စွဲကာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန်မှာ အသတ်ခံထားရတဲ့ ဒေသခံ အလောင်း ၁ လောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ မတ် ၇ ရက်ကနေ ၁၂ ရက်အထိ ရေစကြိုမြို့နယ်၊ သာဂေါင်ရွာမှာ တပ်စွဲနေထိုင်ခဲ့ပြီး အသက် ၉၀ အရွယ်အမျိုးသား ၁ ဦးအပါ ဒေသခံ ၆ ဦးကိုသတ်ဖြတ်ခဲ့ကာ ရွာကထွက်ချိန်မှာလည်း နေအိမ်တွေကိုမီးရှို့ခဲ့ပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ ရွာပေါင်း ၄၂ ရွာရှိပြီး ပြေပင်၊ ဆည်သစ်မြင်၊ မြေဇပ်ကုန်း၊ ကိုင်း၊ ကျွဲကုန်း၊ ချောက်မှုးကျွန်း၊ ဘိုကုန်း၊ ကံဦး၊ မဲကုန်း၊ တောင်ကုန်း၊ မိဖုရား၊ မီးလောင်းကျွန်း၊ ဖြုံဘူး၊ မိုးကွဲ စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ကျော်က ဒေသခံ ၃ သောင်းဝန်းကျင် တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။