ချောက်မြို့နယ်ဆောက်လုပ်ရေးဌာနလက်ထောက်ညွှန်မှူးအပါ Non CDM အမျိုးသမီး၂ ဦး ဖမ်းဆီးခံရ

0 68
0 68

ချောက်၊ အောက်တိုဘာ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက် ချောက်မြို့နယ်လမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးအပါ Non CDM အမျိုးသမီး ၂ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ချောက်မြို့နယ်၊ ဆင်ကကျေးရွာနဲ့ ညောင်ဦးမြို့နယ် စန်းကန်ရွာအကြား ကျေးရွာချင်းဆက်လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက် ညနေပိုင်းက စစ်ကော်မရှင်လက်အောက် NON-CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာမှန်ကန်ကြောင်းနဲ့ ဘယ်တပ်ဖွဲ့က ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ညောင်ဦးမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

” ကျနော်တို့နယ်အစပ်မှာဖြစ်သွားတာ။ လာတာကိုသတင်းရလို့ ဖမ်းတာလို့ပဲသိထားရတယ်။ ဖမ်းခံရတာကသေချာတယ်။ ချောက်နဲ့ညောင်ဦးအစပ်မှာဖြစ်တာ။ ချောက်ကနေ ညောင်ဦးဘက်လာတာလို့တော့ကြားတယ်”လို့ သူက ပြောပါတယ်။

စစ်​ကော်မရှင်ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မကွေးကနေ ချောက်ကိုကားနဲ့ပြန်လာတဲ့ ချောက်မြို့နယ်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာဌေး ၄၃ နှစ်၊ အငယ်တန်းအင်ဂျင်နီယာ ဒေါ်ဆုနှင်းဖွေး ၃၅ နှစ်နဲ့ စက်မှုအငယ်တန်းအင်ဂျင်နီယာ ဦးမျိုးသူစိုး ၃၉ နှစ်တို့ကို ဆင်ကရွာအနီး စစ်ဆေးရေးလုပ်နေတဲ့ PDF တွေက ဖမ်းဆီးခဲ့ပြီး ဦးမျိုးသူစိုးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေ ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်း ဖမ်းခံရတဲ့ Non CDM တွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေက ဖော်ပြကြပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းဆီးသွားတဲ့တပ်ဖွဲ့တွေဘက်က ဒီကနေ့အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဇူလိုင် ၅ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်တက်လမ်း ရေငယ်စခန်းအနီးမှာ အညာဒေသစိမ်းလန်းစိုပြေရေးလုပ်နေတဲ့ ရေနံ့သာဒင်္ဂါး၊ သစ်တောဌာနက လက်ထောက်ညွန်ကြားရေးမှူးနဲ့ ဝန်ထမ်း ၄ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့ပြီး ၁၀ ရက်ကျော်အကြာမှာ ရေနံသာဒင်္ဂါးကို ပြန်လွတ်လာတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။