အင်အားရာကျော်ပါစစ်ကြောင်းကပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၂ ဦးသေဆုံး

0 24
0 24

ယင်းမာပင်၊ စက်တင်ဘာ ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူတောရွာကို စစ်ကော်မရှင်တွေပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက်မနေ့ကည ၁၀ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်တွေကပစ်ခတ်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ညွန့်ရီနဲ့ အသက် ၆၀ အရွယ်ဒေါ်သိန်းမြင့်တို့ ထိမှန်သေဆုံးပြီး နောက်ထပ် ဒေသခံ ၁၀ ဦးလည်းထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီလောက်မှာနဘူးတောရွာမှာဝင်ရောက်တပ်စွဲပြီး စက်တင်ဘာ ၉ ရက်နေ့လယ်ပိုင်းမှာ ရွာကထွက်သွားပြီးနောက် ည ၇ နာရီမှာရုတ်တရက် ပြန်ဝင်ရောက်လာပြီးနောက်မှာ ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“စစ်သားတွေက စက်တင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ရွာထဲကထွက်သွားတယ်။ ရွာခံတွေလည်း စစ်သားတွေဘန့်ဘွေးရောက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ကြတယ်။ ည ၇ နာရီ ရုတ်တရက် ပြန်ဝင်လာတော့ ပြည်သူတွေမပြေးနိုင်မလွှားနိုင်မိတော့တာပဲ”လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲရွာထဲကိုပြန်ဝင်လာချိန် ရွာခံ ၅၀ ဦးလောက်ကိုဖမ်းဆီးကာ ရွာထဲကပစ္စည်းတွေကို ဘန့်ဘွေးရွာကိုသယ်ခိုင်းပြီးနောက်မှ ပြန်လွှတ်ပေးလိုက်တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ကော်မရှင်တွေက ဘန့်ဘွေးရွာမှာ အင်အား ၁၀၀ ဝန်းကျင်၊ တရော်ကျင်း ရွာမှာ ၂၅၀ ခန့်နဲ့ ကနီမြို့နယ်၊ ချောင်းမရွာတို့ အင်အား ၁၅၀ ဖြန့်ပြီး တပ်စွဲထားတယ်လို့သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေ စက်တင်ဘာ ၃ ရက်ကစတင်ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါတဲ့ အထက်ပါစစ်ကြောင်းဟာ ယင်းမာပင်နဲ့ကနီမြို့နယ်ကို စစ်ကြောင်း ၃ ကြောင်းခွဲထိုးနေခဲ့တာပါ။

နဘူးတောကျေးရွာကိုရောက်ရှိခဲ့တဲ့ စစ်ကြောင်းကလည်း စက်တင်ဘာ ၅ ရက်မှာ ကနီမြို့နယ် သင့်ဝင်ရွာနဲ့ ချောင်းမအရှေ့ရွာကို မီးရှို့ခဲ့ပြီး စက်တင်ဘာ ၈ ရက်မှာ ချောင်းမအနောက်ရွာကို ဆက်လက်မီးရှို့ခဲ့တာကြောင့် သင့်ဝင်ရွာက နေအိမ် ၇ လုံးမီးလောင်ဆုံးရှုံးထားတယ်လို့ ချောင်းမရွာခံ တဦးက မြေလတ်အသံကပြောဆိုထားပါတယ်။

စစ်ကြောင်းတွေကြောင့် ယင်းမာပင်နဲ့ကနီမြို့နယ် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံ ၇,၀၀၀ နီးပါးဟာ စက်တင်ဘာ ၃ ရက်ကစတင်ကာ ထွက်ပြေးနေရပြီး စစ်ကော်မရှင်တပ်က စစ်ရှောင်တွေခိုလှုံတဲ့ နေရာတွေကိုပါ လက်နက်ကြီးနဲ့ လေကြောင်းကနေပစ်နေတာကြောင့်အခက်တွေ့နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။