PDF တွေသိမ်းထားတဲ့ ပုံတောင်ကပစ ကာကင်းစခန်းကို စစ်တပ်ကမြေပြင်စစ်ကြောင်းထိုးလာပြီး လေကြောင်းကနေဗုံးကြဲ

0 48
0 48

ထီးလင်း၊ စက်တင်ဘာ ၂၊ ၂၀၂၅။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်နဲ့‌ ပေါက်မြို့နယ်အစပ်ရှိ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ပုံတောင်ကာကင်းစခန်းကို စစ်ကော်မရှင်တပ်က မြေပြင်ကနေစစ်ကြောင်းထိုးလာသလို စခန်းအနီးတဝိုက်ကိုလည်းလေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်မြို့အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) ကထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဩဂုတ်လကုန်ပိုင်းမှာ ဒေသအခေါ် ပုံတောင်နတ်ထိပ် ကပစ ကာကင်းစခန်းကို ဦးတည်စစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။

” ဒီနေ့မနက်က ‌ထီးလင်းနယ်နဲ့ ပေါက်အစပ်က ပုံတောင်ဘက်ကိုကြဲတာ၊ ပေါက်မြို့နယ်ကို စစ်အုပ်ချုပ်ရေးလည်း ကြေညာထားတာဆိုတော့ နယ်မြေရှင်းလင်းချင်တဲ့ သဘောလည်းပါတယ်။ သူတို့ဆုံးရှုံးထားတဲ့ နယ်မြေကိုလည်း ပြန်လိုချင်တာကြောင့်လည်းဖြစ်တယ်” လို့ ပေါက်ဒေသခံ ကိုလရောင် က မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဩဂုတ် ၃၁ ရက် ည ၁၂ နာရီ ကစတင်ကာ စက်တင်ဘာ ၂ ရက် ဒီကနေ့မနက်ပိုင်းအထိ ၃ ရက်ဆက်တိုက် ပေါက်မြို့နယ်အရှေ့ဘက် ပုံတောင်နယ်အစပ် ပုံတောင်နတ်ထိပ်မှာရှိတဲ့ ကာကင်းစခန်းအနီးတဝိုက်ကို လေကြောင်းကနေ ဗုံးအလုံးရေ ၉၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံတောင်နတ်ထိပ်မှာရှိတဲ့ အဲ့ဒီကပစကာကင်းစခန်းကို ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းဟာ ကပစကာကင်းစခန်းအနီးမှာရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် စစ်ကြောင်းလာရာလမ်းတလျှောက်ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံ ၃,၀၀၀ ကျော်မှာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပုံတောင်နတ်ထိပ်ကာကင်းစခန်းဟာ ပုံတောင်တဖက်စီမှာတည်ရှိတဲ့ ကပစ ၂၃ နဲ့ ၂၄ ရဲ့ ကာကင်းစခန်းဖြစ်ပြီး စစ်ကော်မရှင်တပ်က ပုံတောင်လမ်းကို နယ်မြေစိုးမိုးမှုပြန်လည်ရရှိလိုတာကြောင့် ပြန်လည်ထိုးစစ်ဆင်လာတာဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။