11 July 2026 12:10 PM

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ၆ ဦးသေဆုံးဟုဆို

0 3
0 3

အုတ်ဖို၊ မတ် ၂၅၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ တာဝါတိုင်ရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံးတယ်လို့ သိရပါတယ်။

အုတ်ဖိုဘက်ကနေ ဂမုန်းဆည်အနီးက တာဝါတိုင်ရွာဘက်ကို မတ်လ ၂၄ ရက် မနက် ၁၀ နာရီခန့်မှာ အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တာဝါတိုင်ရွာအနီးမှာ ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-Bago Region PDF ပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ဒီကောင်တွေက ရိုးမအစပ်မှာ ရှိနေတဲ့အဖွဲ့တွေပါ။ ခုလည်း ရိုးမပေါ်ကို လှုပ်ရှားစစ်ကြောင်းထွက်လာတာကို ဒေသခံအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲဖြစ်တာကတော့ တစ်နာရီလောက်ကြာမှာပေါ့။ သူတို့ဘက်က ထိခိုက်သေဆုံးတာများတော့ တာဝါတိုင်ကျေးရွာကိုတောင် မီးရှို့သွားသေးတယ်” လို့ ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တာဝါတိုင်ကျေးရွာဟာ အိမ်ခြေ ၅၀ နီးပါးခန့်သာရှိပြီး စစ်ကောင်စီတပ်က မီးရှို့သွားလို့ အိမ်ခြေအားလုံးနီးပါး မီးလောင်ပျက်စီးနိုင်ကာ အသေးစိတ်အခြေနေကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ် အထိနာတာကြောင့် မတ်လ ၂၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ အင်အား ၄၀ ခန့်နဲ့ ဝိုင်းကျေးရွာဘက်ကို စစ်ကူဖြည့်ထားပြီး လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ဆက်တိုက်ပစ်ခတ်နေကာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဝိုင်း၊ တာဝါတိုင်၊ ချောင်းစောက်ကျေးရွာတွေက ဒေသခံ ၇၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင် ပြီး ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၅ ၊ တပ်စု ၂ နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။

အုတ်ဖိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ် စစ်အုပ်ချုပ်ရေးသတ်မှတ်အုပ်ချုပ်နေပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။