စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်မှာ ဖမ်းမိကြောင်းဖော်ပြထားတဲ့ လူငယ် ၈ ဦးမှာ ၄ ဦးအသတ်ခံထားရ

0 4
0 4

မုံရွာ၊ မတ် ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အောက်စိမ့်တော့ရွာအနီးမှာ ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့ လူငယ် ၄ ဦးရဲ့ ရုပ်အလောင်းတွေကို မတ်လ ၂၃ ရက်မနေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံထားရတဲ့ လူငယ် ၄ ဦး အပါအဝင် ၈ ဦးကို မတ်လ ၁၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် မတ် လ ၂၂ ရက်နေ့ ညပိုင်းက ၄ ဦး အသတ်ခံခဲ့ရကာ ကျန်လူငယ် ၄ ဦးရဲ့ အခြေအနေကိုတော့ မသိရဘူးလို့ မြေပြင်ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့တွေကို ၁၂ ရက်နေ့ထဲက နန္ဒဝန်ရပ်ကွက်ထဲမှာ ဝင်ဖမ်းသွားတာကို သိလိုက်တယ်။ စကစဘက်က သူတို့ကို မုံရွာလိပ်စာတွေနဲ့ တင်ထားပေမယ့် မုံရွာမြို့ပေါ်ကဆိုလည်း ကျတော်တို့ သိရမှာ။ ရဲဘော်လို့လည်း ကြားတယ်။ KTV ဝန်ထမ်းတွေလို့လည်း ကြားတယ်။ ခုက ကျတော်တို့လည်း သူတို့က ဘယ်သူတွေဆိုတာ လိုက်စုံစမ်းနေတုန်းပဲ” လို့ မုံရွာမြို့ပေါ် ရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီလူငယ် ၈ ဦးကို စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် Fifty Two ချန်နယ်မှာ မတ်လ ၁၂ ရက်နေ့က မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်မှာရှိတဲ့ KTV တခုကို ဝင်ရောက်စီးနင်းရာမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မတ်လ ၂၃ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

“စကစဘက်က ဖမ်းမိတယ်လို့ပဲ တင်ထားတာ။ နောက်ကွယ်က ပုံတွေထွက်လာတော့ အသတ်ခံထားရပြီ။ သူတို့တယ်လီဂရမ်မှာ တင်ထားတဲ့ အင်္ကျီတွေနဲ့ပဲ သေနတ်နဲ့ပစ်ပြီးမှ ဓားနဲ့ထိုးမွှေထားခဲ့တာ။ စစ်ကြောင်းပြန်ဆုတ်တဲ့လမ်းကြောင်းက ယာခင်းတွေထဲမှာ စွန့်ပစ်ထားခဲ့တာ” လို့ လူငယ် ၄ ဦးရဲ့ ရုပ်အလောင်းတွေကို သဂြိုလ်ပေးခဲ့တဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခံထားရသူတွေဟာ အောင်မျိုးငြိမ်း၊ ဝေလင်းဦး၊ အောင်သူဝင်း၊ ကျော်လွင်မိုး၊ သူရဇော် ၊ ငယ်ဦး၊ ဝင်းနိုင်၊ ထက်ဖြိုးဝင်းတို့ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်မှာ ဖော်ပြထားပြီး အဲ့ဒီထဲက ‌အောင်မျိုးငြိမ်း၊ ဝေလင်းဦး၊ သူရဇော်နဲ့ ငယ်ဦးတို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီး၊ အသတ်ခံထားရတဲ့ လူငယ် ၈ ဦးဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်တာမျိုး မရှိသေးဘဲ မြေလတ်အသံအနေနဲ့လည်း စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

မုံရွာမြို့ပေါ်မှာ တော်လှန်ရေးရဲဘော်တွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရပြီး စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေနဲ့ပတ်သက်လို့ ချက်ချင်းထုတ်ပြန်တာမျိုး မလုပ်ဆောင်တော့ဘဲ ကွင်းဆက်အကုန်မိမှ ထုတ်ပြန်တာမျိုးတွေ ပြောင်းလဲလုပ်ဆောင်လာတယ်လို့ မုံရွာအခြေပြု မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။