စစ်အုပ်စုက နေအိမ် ၁၀ လုံးကို မီးရှို့တဲ့အပြင် အဘိုးတဦးကိုပါ ပစ်သတ်သွား

0 4
0 4

မင်းကင်း၊ မတ် ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပွင့်လျက်ကျေးရွာက နေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အဘိုးတဦးကိုပါ သတ်သွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၇၀ ကျော်ပါတဲ့ စစ်သားတွေဟာ မတ်လ ၂၂ ရက်မနက် ၇ နာရီဝန်းကျင်မှာ ပွင့်လျက်ကျေးရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ကာ၊ အိမ်ထဲပိတ်မိနေတဲ့ အသက် ၆၀ အရွယ် ဦးတင်ကိုပစ်သတ်ပြီး ရွာက ချက်ချင်းပြန်ထွက်သွားတယ်လို့ MinKin People’s Defence Force-Mkpdf-2မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူက ထွက်မပြေးနိုင်ခဲ့လို့ ကျန်ခဲ့တာပါ။ အလောင်းတွေ့ရတာက မနေ့က(မတ်လ ၂၃ ရက်)မှာ တွေ့ရတာ။ အလောင်းမှာ သေနတ်ဒဏ်ရာ ၃ ချက် တွေ့တယ်ဗျ။ အလောင်းကိုတော့ သူ့ရဲ့အိမ်ရှေ့က လမ်းမပေါ်မှာ တွေ့ခဲ့တာ” လို့ ဆိုပါတယ်။

နေအိမ်တွေကိုမီးရှို့ပြီး ဦးတင်ကိုပစ်သတ်သွားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ မင်းကင်းမြို့ပေါ်ကို ရောက်ရှိနေတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဖြစ်ကြတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ပွင့်လျက်ကျေးရွာမှာ မင်းကင်းမြို့နဲ့ မိုင်ဝက်လောက်ကွာဝေးပြီး ခုလို ရွာကိုဝင်ရောက်မီးရှို့တာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက်မှာလည်း အဆိုပါစစ်ကောင်စီတပ်သားတွေဟာ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာက လူနေအိမ်တလုံးကို မီးရှို့ပြီး ကျေးရွာမှာကျန်ရှိခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ကို ပစ်သတ်သွားခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။