13 July 2026 12:50 AM

ခင်ဦးမှာ စစ်တပ်က လမ်းသွားပြည်သူတွေကို ပစ်ခတ်ပြီး ရွာတရွာကိုပါ မီးရှို့နေ

0 4
0 4

ခင်ဦး၊ မတ် ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်း၊ အင်းပတ်ကွေ့ဈေးမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးအဖွဲ့တို့ပေါင်းကာ ရွာသားတွေကို လိုက်လံပစ်ခတ်ပြီး အနီးနားက ကျေးရွာတရွာကိုပါ မီးတင်ရှို့နေတယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက်ဒီကနေ့ မနက် ၇ နာရီခွဲလောက်က အင်အား ၄၀ လောက်ပါတဲ့ စစ်အုပ်စုဟာ ကင်းပုန်းဝပ်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို လိုက်လံပစ်ခတ်ပြီးနောက် ၈ နာရီခွဲလောက်မှာ မြကန်ကျေးရွာကို စတင်မီးရှို့နေတာလို့ ဆိုပါတယ်။

“မနေ့ကလည်း ကင်းပုန်းတွေဝပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်တယ်။ ပါလာတဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေ သူတို့ဆီပေးခဲ့ရတယ်။ ဒီနေ့မနက်လည်း လာတဲ့ပြည်သူတွေကို အလာမခံဘဲ ပစ်လွှတ်တယ်။ လက်နက်ငယ်တွေနဲ့ လိုက်ပစ်တယ်။ ရေဦး တိုင်းရင်းဆေးရုံကနေ ပြည်သူတွေ ပြေးတဲ့နေရာတွေဆီ လက်နက်ကြီး ၆ လုံး ဆက်တိုက်ပစ်တယ်” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ တိရိစ္ဆာန်တွေထိမှန်ခဲ့ပြီး၊ ဒေသခံတွေ ထိခိုက်မှုကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ မီးရှို့ခံနေရတဲ့ မြကန်ကျေးရွာမှာလည်း တိမ်းရှောင်ဖို့အချိန်မရတော့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတချို့ ပိတ်မိကျန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ အဲ့ဒီကျေးရွာအနီးမှာ စစ်ကြောင်းရှိနေသေးတာကြောင့် မီးရှို့ခံရတဲ့အရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရှိရသေးဘူးလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၂ ထောင်ဝန်းကျင်ရှိတဲ့ မြကန်ကျေးရွာကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂ ရက်ကလည်း စစ်တပ်ကဝင်ရောက်မီးရှို့ခဲ့ပြီး၊ ဒီတကြိမ်နဲ့ဆိုရင် ၂ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

အဆိုပါစစ်အုပ်စုဟာ ရေဦး-ခင်ဦး နယ်စပ်ဖြစ်တဲ့ အင်းပတ်၊ ညောင်ပင်ကြီးစု၊ မူးဘောင်လမ်းပိုင်းမှာလည်း ဂိတ်ချနေရာယူထားပြီး အင်းပတ်၊ ချမ်းသာကုန်း၊ မြကန်၊ အင်တိုင်းမြောက်ရွာ၊ မြင်းဒေါင်းစတဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို တလကို ၂ ကြိမ်လောက်ဝင်ပြီး ရိက္ခာရှာတာ၊ မီးရှို့တာတွေ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။