စစ်အုပ်စုက ထွက်လမ်းကိုပိတ်ထားလို့ ပခုက္ကူမှာ ဒေသခံ ၈ ထောင်ကျော် ပိတ်မိနေ

0 4
0 4

ပခုက္ကူ၊ မတ် ၁၇၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကနေ ပုဂံ၊ ညောင်ဦးဘက် သွားတဲ့လမ်းကို စစ်ကောင်စီတပ်သားတွေက မတ်လ ၁၆ ရက် မနေ့ကစတင်ပြီး ပိတ်လိုက်တာကြောင့် စစ်ရှောင်ဒေသခံ ၈ ထောင်ဝန်းကျင် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိတ်မိနေကြသူတွေဟာ ကျွန်းချောင်း(EPC) စက်ရုံရဲ့ပတ်ဝန်းကျင်ကျေးရွာ ၁၁ ရွာက ဒေသခံတွေဖြစ်ပြီး၊ စားနပ်ရိက္ခာတွေလည်း ပြတ်တောက်တော့မယ့် အခြေအနေကို ရောက်နေပြီလို့ ထွက်ပြေးနေရသူတဦးက ပြောပါတယ်။

“စကစတွေက နေ့တိုင်းတရွာဝင် တရွာထွက် မွှေနှောက်နေတာ။ ဒီနေ့မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ ကမ္ဘာပျက်နေသလိုပါပဲ။ ကျနော်တို့မှာ ပုဂံ၊ညောင်ဦးဘက်ကိုလည်း ထွက်ပြေးလို့မရတော့ဘူး။ စကစတွေဝင်လာရင် တခြားတရွာထွက်ပြေး၊ အဲ့ရွာကိုဝင်လာရင် နောက်တရွာကိုထွက်ပြေးနဲ့ စက်ဝိုင်းထဲ ပြေးနေရသလိုပါပဲ။ စားနေရတာကလည်း အခုရှိတာလေးတွေ ကုန်တော့မယ်” လို့ ဆိုပါတယ်။

ပုံစာ – အခုနှစ် ဖေဖော်ဝါရီလအတွင်း ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ရှောင်များ။ (ပုံဟောင်း)

စစ်ကောင်စီတပ်တွေဟာ မတ်လ ၁၇ ရက် ဒီနေ့မနက်မှာလည်း EPC စက်ရုံထဲကနေ ဖောကားတစီး၊ ဆိုင်ကယ်အစီး၂၀ကျော်၊ ခြေကျင်အင်အား၂၀ ဝန်းကျင်နဲ့အတူ ကားလမ်းမအတိုင်းထွက်လာကာ လက်ရှိမှာ ညောင်လှကျေးရွာထဲကို ဝင်သွားကြတယ်လို့ နောက်ထပ် အမျိုးသားတဦးက ပြောပါတယ်။

“ဒေသခံတွေက မနက်လင်းကတည်းကနေ ကစဥ့်ကလျားဖြစ်နေကြတာ။ ပုဂံဘက်ကိုထွက်ပြေးမယ်ဆိုရင်လည်း မရတော့ဘူး။ ခရီးသွားတွေကိုပဲ သွားခွင့်ပြုတယ်တဲ့။ စစ်ရှောင်တွေကို အဲ့ဒီဖက်ကို လုံးဝမကူးရတော့ဘူးတဲ့။ ကျနော်တို့ဘက် ထွက်လမ်းက အဲ့ဒီတလမ်းပဲ ရှိတော့တာကို ပိတ်လိုက်ပြီ” လို့ ဆိုပါတယ်။

အဆိုပါဒေသခံတွေအနေနဲ့ ပုဂံ၊ညောင်ဦးဘက်ကို သွားလိုပါက ဘုမိယျလှေဆိပ် (ကူတိုးဆိပ်)ကို ဖြတ်သွားရပြီး၊ အဲ့ဒီလှေဆိပ်မှာ စစ်ကောင်စီတပ်သားတွေက ဂိတ်ဖွင့်ပြီး အသွားအလာကို ပိတ်ပင်တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

ပုံစာ – အခုနှစ် ဖေဖော်ဝါရီလအတွင်း ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ရှောင်များ။ (ပုံဟောင်း)

အဲ့ဒီကျေးရွာနယ်မြေကို EPC စက်ရုံနဲ့ BPI တပ်က စစ်ကောင်စီတပ်သားတွေဟာ နေ့တိုင်းလိုလို စစ်ကြောင်းထိုးမွှေနှောက်နေပြီး၊ မနေ့ကဆိုရင်လည်း ချမ်းသာကြီးကျေးရွာထဲမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ ဆိုင်ကယ်အစီးရေ ၂၁ စီးကို ခိုးယူခဲ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ချမ်းသာကြီး၊ မြို့စိုး၊ ငှက်ပျောတော၊ သီရိလေး၊ ပေါက်တော၊ ကံကြီးစု၊ အိုင်ကြီး၊ ညောင်လှ၊ ညောင်နီပင်၊ သိမ်တော်၊ ဆယ်လံရွာက ဒေသခံပြည်သူတွေ ပိတ်မိနေကြတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။