27 July 2026 10:41 AM

ကျွန်းလှမှာ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စေခိုင်း

0 5
0 5

ကန့်ဘလူ၊ မတ် ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်တချို့မှာရှိတဲ့ ပြည်သူတွေကို အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ စေခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျွန်းလှမြို့၊ ရှမ်းစုရပ်ကွက်မှာ နေထိုင်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန်းထိုက် နဲ့အတူ သူရဲ့နောက်လိုက် ၂ ဦးဖြစ်တဲ့ ငတူးနဲ့ ငဝင်းတို့က ဦးဆောင်ပြီး ပြည်သူ့စစ်သင်တန်းကို မဖြစ်မနေတက်ရမယ်လို့ ပြောဆိုခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မြေလတ်အသံကို ပြောပါတယ်။

“အခုက သင်တန်းကို မတက်မနေ တက်ရမဲ့သဘော။ သူတို့ဘက်က လူအင်အားမရှိတော့ ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက်တယ်လို့ ပြောလို့ရတယ်။ ရပ်ကွက်က လူတွေလည်း ပြဿနာ ပိုကြီးမှာ ကြောက်ကြတော့ အကုန်သွားကြတာ များတယ်။ အစည်းအဝေးကိုလည်း သူတို့ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးလုပ်ကြတာ” လို့ ပြောပါတယ်။

မတ်လ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးပွဲမှာ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သလို ပျူခေါင်းဆောင်လည်း ဖြစ်တဲ့ သန်းထိုက်က ရပ်ကွက်သူ၊ ရပ်ကွက်သားတွေအနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူ့စစ်မရှိတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် မဖြစ်မနေ ပြည်သူ့စစ်သင်တန်းတက်ရမည်ဖြစ်ကြောင်း၊ ကိုယ့်အသိစိတ်နဲ့ကိုယ် တက်ရောက်ကြဖို့နဲ့ မတက်ရောက်တဲ့ သူတွေကိုလည်း မဲနှိုက်ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့ကြောင်းကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ရေးသားထားပါတယ်။

ပြည်သူ့စစ်သင်တန်းတက်ဖို့ အစည်းအဝေးခေါ်ယူပြီးတဲ့နောက်မှာ ပျူစောထီးတပ်ဖွဲ့တွေက ကျွန်းလှမြို့အဝင်အထွက်ဂိတ်တွေကို ပြန်လည်ပိတ်ထားခဲ့တဲ့အပြင် ဖြတ်သန်းသွားလာမှုကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကို ပျူစောထီးတပ်ဖွဲ့က လက်နက်အားကိုးပြီး ပျူသင်တန်းတက်ရောက်ခိုင်းတဲ့အပြင် ပြည်သူတွေဆီကနေလည်း ငွေကြေးကောက်ခံတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။