မြင်းမူ၊ လက္ကပင်ရွာကို စစ်တပ်က ဝင်စီးထားပြီး ဒေသခံ ၂၀၀ ၀န်းကျင်ကိုပါ ဖမ်းဆီးထား

0 4
0 4

မြင်းမူ၊ မတ် ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက မတ်လ ၅ ရက်မနေ့ကမနက် ၅ နာရီခန့်ကတည်းက ဝင်ရောက်စီးနင်းပြီး ရွာထဲတပ်စွဲကာ ရွာခံပြည်သူ ၂၀၀ ၀န်းကျင်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်သားတွေဟာ ရွာရဲ့ဘုန်းတော်ကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ဖမ်းဆီးထားတဲ့ အမျိုးသား၊အမျိုးသမီး ၂၀၀ ၀န်းကျင်ကို မတ်လ ၆ ရက် ဒီကနေ့ ညနေ ၄ နာရီကျော်အထိ ပြန်မလွှတ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ မြင်းမူအခြေစိုက် Knight Commanders PDF မှ တာဝန်ခံ ဘယ်သန်ကြီးက ပြောပါတယ်။

“ဒီရွာမှာက PDF လည်း မရှိဘူး။ ရွာခံတောင်သူ လယ်သမားတွေနဲ့ မီးရှို့ခံထားရတဲ့ တခြားရွာတွေက ပြည်သူတွေ လာနေကြတာ။ ဒီစကစတွေက တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ဝင်လာပြီးတော့ ဖမ်းဆီးထားတာဗျ။ ဖမ်းခံထားရတဲ့ အထဲက အမျိုးသား ၃ ယောက်ကို သတ်ဖြတ်လိုက်ပြီလို့ သတင်းရတယ်။ မနေ့က သေနတ်ပစ်သံတွေ ကြားရတယ်။ ဒီနေ့နဲ့ဆို စကစတွေ ရွာထဲတပ်စွဲနေတာ ၂ ရက်ရှိပြီ” လို့ ဆိုပါတယ်။

အမျိုးသား ၃ ဦး အသက်ခံရတာနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက္ကပင်ကျေးရွာကို ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကြောင်းဟာ မတ်လ ၂ ရက်က စစ်ကိုင်း မြို့နယ်၊ တာတိုင်ကျေးရွာက ရွာခံအမျိုးသား၊ အမျိုးသမီး ၁၆ ဦးကို သတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဘယ်သန်ကြီးက ဆက်ပြောပါတယ်။

“ဒီစစ်ကြောင်းက တမခ ၉၉ လက်အောက်ခံ ခြေမြန်တပ်ရင်းတခုကလို့ သိထားရတယ်ဗျ။ ဒီစစ်ကြောင်းက တာတိုင်ကနေ မြင်းမူကိုဖြတ်၊ မြင်းမူကနေ အလ္လကပ္ပရွာကို ဝင်မီးရှို့တယ်။ ပြီးမှ အခုဒီရွာကို ရောက်နေတာ။ ပြီးတော့ ဒီကောင်တွေက စစ်ယူနီဖောင်းတွေ မဝတ်ဘူးဗျ။ PDF လိုလို၊ အရပ်သားလိုလို နေကြတာ” လို့ ဆိုပါတယ်။

လက္ကပင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ရွာရဲ့ဘုန်းတော်ကြီးကျောင်းမှာ မီးရှို့ခံထားရတဲ့ တခြားကျေးရွာက ပြည်သူတွေလည်း လာရောက်ခိုလှုံနေတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။