စစ်ကိုင်းမှာ ကိုရင် ၁ ပါး ရေနစ်သေဆုံးပြီး ဘုန်းကြီး ၁ ပါး မြစ်ထဲခုန်ချမှု ဖြစ်ပွား

0 7
0 7

စစ်ကိုင်း၊ မတ် ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မတ်လ ၅ ရက် မနေ့ညနေပိုင်းက ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ ကိုရင် တပါး ရေနစ်သေဆုံးခဲ့ပြီး ဘုန်းကြီးတပါးလည်း မြစ်ထဲခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့၊ ဝါဆိုကျောင်းက ကိုရင် ၃ ပါးဟာ မနေ့ညနေပိုင်းက ဧမြဝတီရပ်ကွက်မှာရှိတဲ့ ဧရာဝတီမြစ်‌ရေဆိပ်မှာ ရေဆင်းကူးရာကနေ အသက် ၁၂ နှစ်အရွယ် ကိုရင် ၁ ပါး ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကိုရင် ၃ ပါးက ဧမြဝတီရေဆိပ်မှာ ရေဆင်းဆော့ရင်း နစ်တာ။ အဲဒါမှာ ကိုရင် ၂ ပါးကတော့ အသက်ရှင်လျက် ပြန်ရတယ်။ တပါးကတော့ ဆုံးသွားတယ်” လို့ ပြောပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ကိုရင်ရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး သုခကာရီပရဟိတအသင်းကားနဲ့ စစ်ကိုင်းဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းမှာပဲ အမရပူရနဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား (ရတနာပုံ)ပေါ်ကနေ ဧရာဝတီမြစ်အတွင်းကို ဘုန်းကြီး ၁ ပါး ခုန်ချသွားခဲ့လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

“မနေ့ညနေမှာပဲ နောက်ဖြစ်စဥ်တခုက သံဃာတပါးက ဧရာဝတီတံတားပေါ်ကနေ ခုန်ချမှု ဖြစ်ခဲ့တာ။ ညနေပိုင်း ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေပေမယ့် ရှာမတွေ့သေးဘူး။ ခုန်ချတဲ့သံဃာက ဘယ်ကျောင်းတိုက်က ဆိုတာနဲ့ ဘာကြောင့် ခုန်ချတယ်ဆိုတာလဲ မသိရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

ဧရာဝတီမြစ်အတွင်း ခုန်ချသွားတဲ့ ဘုန်းကြီးကို မြို့ခံပရဟိတအသင်းအဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းမှာလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ တွေ့ရှိတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။