ကနီမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြောပွဲပြုလုပ်

0 4
0 4

ကနီ၊ မတ် ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတရွာမှာ မတ်လ ၅ ရက် မနေ့ကမနက်ပိုင်းက ဒေသတွင်းတော်လှန်ရေး အင်အားစုဝင်တွေ ဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြောပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ပဋိပက္ခတွေကြားမှာ ကလေးသူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျမသွားဖို့၊ ဒီလိုအခက်အခဲအကြပ်အတည်းကြားမှာ တော်လှန်ကြရေးနဲ့ ကြားကာလအခြေပြုပညာရေးတွေကို သင်ကြားတဲ့နေရာမှာ စိတ်ဓာတ်မကျဘဲ နိုးကြားပါဝင်ကြဖို့အတွက် ရည်ရွယ်တယ်လို့ နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဟောပြောပွဲ ကြာချိန်ကတော့ ၆ နာရီလောက် ကြာမြင့်ခဲ့တယ်။ ကလေးသူငယ်တွေ၊ မိဘတွေ စုစုပေါင်း ငါးရာလောက် တက်ခဲ့ကြတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားတဲ့အချိန်မှာ ကလေးသူငယ်အခွင့်အရေးက ရသင့်တယ်ဗျ။ စစ်ပွဲကြားနဲ့ ပဋိပက္ခကြားမှာ ကလေးသူငယ်အခွင့်အရေးတွေ မရတာရှိတယ်။ ကလေးတွေအနေနဲ့လည်း ဒီလိုအခြေအနေမှာ ငါတို့ရသင့်တဲ့ အခွင့်အရေးတွေ ရှိပါလားဆိုတာကို သိဖို့ လိုတယ်” လို့ ပြောပါတယ်။

ဒီဟောပြောပွဲမှာ ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ Committee Representative Sagaing Region Hluttaw – CRSH လွှတ်တော်၊ ကနီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုတွေရှိ ကလေးသူငယ်အခွင့်အရေး ကျွမ်းကျင်သူတွေက ကလေးသူငယ်တွေရဲ့ အခွင့်အရေးအကြောင်း အသီးသီးကို ဟောပြောခဲ့ကြပြီး၊ ဟောပြောပွဲကို ဒေသခံပြည်သူ ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးသူငယ်အခွင့်အရေး မိဘ၊ ဆရာဝန်းရံပေး၊ ဖက်ဒရယ်ပညာရေးရရှိရေး ဒို့အရေးစတဲ့ ကြွေးကြော်သံတွေနဲ့အတူ ကလေးသူငယ်တွေက မြန်မာ့ယဥ်ကျေးမှု အကတွေနဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။

အလားတူ တော်လှန်လူငယ်တေးဂီတအဖွဲ့ကလည်း တော်လှန်တေးသီချင်းတွေ တီးခတ်စည်းရုံးလှုံ့ဆော်ခဲ့ကာ NUG ကာကွယ်ရေးအလံကို အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေး ကာလတလျှောက် ကြွေလွင်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုခြင်း စတဲ့အစီအစဥ်တွေ ပြုလုပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။