11 July 2026 1:10 PM

ကလေးတွေ မျှော်လင့်ချက်မပြတ်ဖို့ ရပ်ရွာအခြေပြု ကွန်ပျူတာသင်တန်းတွေ ဖွင့်လှစ်

0 6
0 6

ရေစကြို၊ မတ် ၄၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ ကျေးရွာတရွာမှာ ကျောင်းမတက်ရတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေနဲ့ ကျေးရွာထဲက ကလေးတွေအတွက် အခမဲ့ကွန်ပျူတာ သင်တန်းတွေ ဖွင့်လှစ်ပေးနေတယ်လို့ သိရပါတယ်။

ကျေးရွာအတွင်းရှိ ပရဟိတလုပ်ငန်း လုပ်ဆောင်ပေးနေသူတွေက ဦးဆောင်ဖွင့်လှစ်နေတာဖြစ်ပြီး၊ သင်တန်းတွေကနေတဆင့် သင်ယူလေ့လာမှု အခွင့်လမ်းတွေ မဆုံးရှုံးဖို့ ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလပိုင်းမှာ ပထမအကြိမ် ဖွင့်လှစ်ခဲ့ကာ အခုနှစ်ဖေဖော်ဝါရီလထဲမှာတော့ ဒုတိယအကြိမ်မြောက် သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျောင်းတွေမှာ စာသင်လို့ စာမေးပွဲပြီးလည်း ပြီးတာပဲရှိတာ။ သူတို့မှာ မျှော်လင့်ချက် ပြတ်သလို ဖြစ်တာ၊ အဲ့တာကြောင့် သင်တန်းလေးတွေရှိရင် ကောင်းမယ်ဆိုပြီး လောလောဆယ် ကွန်ပျူတာ ၁၈ လုံးနဲ့ သင်ပေးနေတယ်။ ဆရာ၊ ဆရာမတွေလည်း လာသင်ကြတယ်။ တခြားရွာတွေကလည်း သင်ချင်ကြတယ်။ ကွန်ပျူတာရှာလို့ရရင် ဒီကိုလာခဲ့လို့ ပြောထားတယ်” လို့ သင်တန်းကို ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ ဆရာတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ လူဦးရေ ၁၀၀ ကျော် သင်ကြားပေးနိုင်နေပြီဖြစ်ကာ ရွာမှာရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ အတန်းကြီးသမားတွေကို ဦးစားပေးသင်ကြားနေပြီး၊ ကွန်ပျူတာက မလုံလောက်တဲ့အတွက် အလှည့်ကျစနစ်နဲ့ သင်ကြားနေရတယ်လို့ ဆိုပါတယ်။

တခြားရွာတွေကလည်း လာရောက်ဖွင့်လှစ်ပေးဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် ကွန်ပျူတာမရှိတဲ့အတွက် ကြန့်ကြာနေကာ၊ အင်္ဂလိပ်စာသင်တန်းတွေလည်း ဖွင့်လှစ်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။