ညောင်ဦးမှာ မူလတန်းပြဆရာမ ၁ ဦးအသတ်ခံရ

0 489
0 489

ညောင်ဦး၊ ဩဂုတ် ၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့၊ ဆည်ရွာမှာ မူလတန်းပြဆရာမ ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ ဆည်ရွာ အထကကျောင်းခွဲမှာ တာဝန်ကျ မူလတန်းပြဆရာမ အသက် ၃၀ အရွယ်ရှိ ဒေါ်ဝါဝါမိုး ဆိုသူဖြစ်ပြီး ဇူလိုင် ၃၁ ရက် ည ၁၂ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“သူကိုအိမ်ထဲမှာပဲ ဝင်ရှင်းတာ။ သူကအရင်တခါ မျက်စိထိထားတာရှိတယ် ပထမတခါရှင်းတုန်းက။ အဲ့တုန်းက သူ့ညီမကိုရှင်းသေးတာ။ တော်တော်တော့ကြာပြီ။”လို့ ညောင်ဦးမြို့နယ်ပကဖတာဝန်ခံ ကိုဇီးကပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဒေါ်ဝါဝါမိုးမှာ ဝမ်းဗိုက်၊ ခါး၊ လက်နဲ့တင်ပါးတွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆရာမဒေါ်ဝါဝါမိုးဟာ ၂၀၂၂ ကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး သတင်းပေးတာ၊ ရွေးကောက်ပွဲ အတွက် မဲစာရင်းကိစ္စတွေကို ပါဝင်လုပ်ကိုင်တာတွေရှိပြီး ငါးသရောက်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းချိန်မှာလည်း ဒေါ်ဝါဝါမိုးတိုင်ကြားထားတဲ့စာရွက်စာတမ်းတွေကို တွေ့ရှိတာအပြင် ဖခင်ကလည်း သတင်းပေးလုပ်နေသူဖြစ်တာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တခုက ပစ်ခတ်တာလို့ ကိုဇီးက အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကလည်း ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ တောင်ဖက်တန်း ကျေးရွာနေ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံတဦး နေအိမ်မှာရှိနေချိန်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။