myaelatt athan

Sharing Information to the Local

၁ လအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ်ကြောင့် စစ်ကောင်စီတပ်သား ၈ ဦးအထက် သေဆုံးဟုဆို

0 4
0 4

မတ္တရာ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁ လအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ်ကြောင့် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၇ ရက်အထိ မတ္တရာမြို့နယ်ထဲက ကင်းကျေးရွာ၊ ရုန်းပင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနဲ့၊ စိန်ပန်ကုန်းကျေးရွာတွေ အပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ စစ်ကြောင်းတွေနဲ့ ဆက်ကြေးကောက်တဲ့နေရာတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရမှာ သေဆုံးခဲ့ကြတာလို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်နတ်ဆိုးက ပြောပါတယ်။

“တိုက်ခဲ့တာကတော့ စကစ နေရာတော်တော်များများပါ။ အများဆုံးကတော့ စကစတွေက ဒေသခံတွေကို စစ်ဆေးငွေတောင်းတဲ့နေရာတွေပါ။ ဒီလိုတွေ ဒရုန်းနဲ့ တိုက်ခိုက်တဲ့နေရာမှာ အထူးသတိထားနေရတာက ပြည်သူတွေ ထိခိုက်မှာကိုပဲ။ စကစတွေက အမြဲလိုလို ပြည်သူတွေနဲ့ ရောနေတာဆိုတော့ လုပ်ရတဲ့အခက်ခဲ ရှိနေတာ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီ နီးကပ်စွာ မနေဖို့၊ စစ်ရေး အသိသတိရှိကြဖို့၊ ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ ကုန်ကျစရိတ် အသင့်တင့်ရှိနေတာကြောင့် လုပ်ငန်းအောင်မြင်ဖို့ ဝိုင်းဝန်းကူညီပေးကြပါလို့ ဆိုပါတယ်။

ယခင်က စစ်ကောင်စီအဖွဲ့တွေကို တိုက်ခိုက်ချိန်မှာ မိုင်းဆွဲတာနဲ့ ချောင်းမြောင်းပစ်ခတ်တာတွေပဲ လုပ်နိုင်ခဲ့လို့ ဆုံးရှုံးနစ်နာရတာနဲ့ အချိန်ကုန် အလုပ်မဖြစ်တာရှိခဲ့ပြီး ဝေဟင်ကနေ ဒရုန်း အသုံးပြုတိုက်ခိုက်လာနိုင်လို့ ပိုပြီးထိရောက်တဲ့ အကျိုးကျေးဇူးတွေ ရလာတယ်လို့ သိရပါတယ်။

နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ အဖွဲ့တခုတည်းကပဲ တိုက်ခိုက်တာမျိုး ရှိသလို မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီဘက်က မြေပြင်တိုက်ခိုက်မှုတွေအပါအဝင် လေကြောင်းကနေ တိုက်ခိုက်တာကိုပါ ခံနေရလို့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်က မတ္တရာမြို့နယ်၊ ကင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းနဲ့ ဟင်္သာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်း ၅ စင်းနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်မှာတော့ ရွာသာရွာကျေးရွာမှာ ဒေသခံပြည်သူတွေကို လိုက်ဖမ်းပြီး အပင်အောက်မှာ နားနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒီလအတွက် နောက်ဆုံးအကြိမ်အဖြစ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။