11 July 2026 1:11 PM

စစ်တပ်ကနေထွက်ပြေးမယ့် တပ်သားအများအပြားရှိနေတယ်လို့ ဘက်ပြောင်းလာသူ စစ်မှုထမ်းအပတ်စဥ် ၁ ဆင်း တပ်သား ပြော

0 22
0 22

မြေလတ်အသံ၊ ဇူလိုင် ၂၆၊ ၂၀၂၅။

စစ်ကောင်စီတပ်ကနေ ထွက်ပြေးလိုတဲ့တပ်သားအများအပြားရှိနေတယ်လို့ ကလေးအခြေစိုက် ခလရ ၂၂၈ တပ်ရင်းကနေ တမူးခရိုင်PDF ထံ ဘက်ပြောင်းခိုလှုံလာသူ စစ်မှုထမ်းအပတ်စဥ် ၁ ဆင်း တပ်သားက ပြောဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာသူမှာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁ ဆင်း အသက် ၃၁ နှစ်အရွယ် ကိုနေဝင်းထွန်း(ခ)ကိုပိုင် ဖြစ်ပြီး သူတာဝန်ကျတဲ့ ကလေးမြို့အခြေစိုက် ဒကစ (ကလေး)လက်အောက်ခံ ခလရ ၂၂၈ အထိုင်ချထားတဲ့ တမူးမြို့နယ်၊ မင်းသာကျေးရွာစခန်းကနေ ဇူလိုင် ၁၁ ရက်က တမူးခရိုင် အမှတ်၂ တပ်ရင်းထံ ခိုလှုံလာတာပါ။

စစ်တပ်အတွင်း စစ်မှုထမ်းသက် ၁၀ နှစ်အထက်ရှိသူ အောက်ခြေစစ်သားတွေကစလို့ စစ်မှုထမ်းဥပဒေနဲ့အတင်းအကြပ်စုဆောင်းခံရတဲ့ တပ်သားတွေအထိ စစ်ကောင်စီတပ်သားအများအပြားဟာ တပ်ကိုစွန့်ခွာထွက်ပြေးချင်နေကြတယ်လို့ ကိုနေဝင်းထွန်းက ပြောပါတယ်။

” တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်ခတ်ချင်နေရင် ကျနော်တို့မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ပြီးတော့ ကျနော်တဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေကိုရောက်ရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်” လို့ သူက ပြောပါတယ်။

တပ်သား နေဝင်းထွန်းဟာ စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် အစောဆုံး စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁ မှာ မဲနှိုက်ရွေးချယ်ခံခဲ့ရပြီး၂၀၂၄ ဧပြီ ၈ ရက်မှာ စစ်သင်တန်းကျောင်းပို့ဆောင်ခံရကာ သင်တန်းဆင်းပြီးနောက် ခလရ ၂၂၈ ကိုဆက်လက်ပို့ဆောင်ခံခဲ့ရတာလို့ သိရပါတယ်။

” တပ်ထဲမှာ ​မြက်ပေါက်ရတာတွေ၊ ထင်းခုတ်ရတာတွေ၊ စပါးနှုတ်ရတာတွေရှိတယ်။ မြို့ထဲကိုသွားလာလို့မရဘူး။ စျေးလည်းမသွားရဘူး။ လိုချင်တာကို သူတို့နဲ့မှာရတယ်။ မှာရတဲ့အခါမှာလည်း ၅၀၀၀(ကျပ်) တန်တဲ့ပစ္စည်းတခုကို ၁၀,၀၀၀ ပေးရတယ်။သူတို့(စကစ)စခေါ်တုန်းကတော့ လွတ်လပ်ခွင့် အကုန်ရှိမယ်။ ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်ရမယ်ပေါ့။ တကယ့်တကယ်တန်းကျတော့ သူတို့စခေါ်တဲ့၊ ပြောတဲ့ပုံစံနဲ့ လက်တွေ့ကျကျပေးဆပ်ရတာတွေက တခြားစီပေါ့။ အဲဒီမှာကတည်းက ကျနော်တို့စိတ်ကုန်ခဲ့တာ”လို့ တပ်သား နေဝင်းထွန်း က ပြောပါတယ်။

၂၀၂၅ ဇန်နဝါရီလမှာ တပ်သား နေဝင်းထွန်းအပါ စစ်မှုထမ်းအပတ်စဥ် ၁ ဆင်း တပ်သား ၄၅ ဦးကို ကလေးအခြေစိုက်တပ်ရင်းကနေ တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာအထိုင်စခန်းကို ပြောင်းရွှေ့ခဲ့ရပြီးနောက် ဇူလိုင်လဆန်းပိုင်းမှာ ထွက်ပြေးလာခဲ့တာလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။