မလှိုင်ပကဖ ဖမ်းဆီးထားတဲ့ ဆိတ်ကုန်သည်အမျိုသားနဲ့ ၆ လကျော်အဆက်အသွယ်မရလို့ မိသားစုဝင်တွေစိုးရိမ်

0 105
0 105

PDF တွေလှုပ်ရှားမှုကို စကစထံသတင်းပေးလို့ ဖမ်းဆီးထားကြောင်း မလှိုင်ပကဖ ပြော

မလှိုင်၊ ဇူလိုင် ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် ၁၄ ရပ်ကွက်နေသူ ဆိတ်ကုန်သည်အမျိုးသားကို မလှိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးထားပြီးနောက် ၆ လကျော်ကြာတဲ့အထိ အဆက်အသွယ်မရတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူဟာ အသက် ၄၀ နှစ်အရွယ် ဦးချစ်ကိုကို ဖြစ်ပြီး မလှိုင်မြို့နယ်၊ တက်မကုန်းကျေးရွာ ဦးဌေးဝင်နေအိမ်မှာရှိနေချိန် ယခုနှစ်ဆန်း ဇန်နဝါ ရီ ၈ ရက်က တောင်သာမြို့နယ်ပကဖအဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက် မလှိုင်ပကဖထံကို လွှဲပြောင်းပေးခဲ့တာကို စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

” ဖမ်းခံရတော့ လိုက်တဲ့အခါကျတော့ မလှိုင်ပကဖက မဟုတ်ပါဘူး။ သူတို့မဖမ်းပါဘူးဆိုပြီးငြင်းတယ်။ တောင်သာပကဖအဖွဲ့ ကျော်ကြီးက ပြောတာက ‘ကျနော်တို့ကိုယ်တိုင်ဖမ်းတာ။ ကျနော်တို့ကို အကူအညီတောင်းလို့ ဖမ်းပေးတာပါ။’ တဆင့်တဆင့် လိုက်စုံစမ်းတော့ ဟုတ်တယ်။ ‘ကျနော်တို့ ဖမ်းတာ၊ သူတို့ကဝန်မခံဘူးလား။ ကျနော်တို့ကိုယ်တိုင်အပ်ပေးလိုက်တာ’လို့ပြောတာကို သိထားရတယ်”လို့ ဦးချစ်ကိုကိုရဲ့ မိသားစုနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရချိန်မှာ ငွေသား ကျပ်သိန်း ၄၀၊ ကျောက်စိမ်းလက်စွပ် ၁ ကွင်း၊ ဖုန်း ၁ လုံး၊ ၁၂ ဘီးကား ၁ စီးနဲ့အတူဖမ်းဆီးခံရတာဖြစ်ကြောင်း မိသားစုဝင်တွေထံကသိရပြီး မလှိုင်ပကဖဆီကို ဆက်သွယ်စုံစမ်းတဲ့အခါမှာ ဦးချစ်ကိုကိုဟာ ပျူစောထီးဖြစ်ကြောင်းပြောဆိုတယ်လို့ သိရပါတယ်။

ဦးချစ်ကိုကိုဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဆိတ်အရောင်းအဝယ်လုပ်သူဖြစ်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကိုလည်း ဖြတ်ကျော်ပြီးမှပို့ဆောင်သွားလာရတာကြောင့် စစ်ကောင်စီဂိတ်တွေဖြတ်သန်းချိန်မှာ လုပ်ငန်းသဘောအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ဆက်သွယ်မှုရှိတယ်လို့ ဆိုပါတယ်။

” ပထမ မလှိုင်ပကဖတာဝန်ခံ ဦးမုတ်ဆိတ်နဲ့ဆက်သွယ်တယ်။ သူကနယ်တွေရောက်နေလို့ မသိရသေးလို့ အောက်လက်ကို ပြန်မေးပါအုန်းမယ်လို့ပြောတယ်။ နောက်သူတို့မဆက်သွယ်လို့ ထပ်ဆက်တော့ အောက်လက်ငယ်သားတယောက်ကိုင်ပါတယ်။ ဦးချစ်ကိုကိုမှာ အပြစ်ရှိတယ်ပေါ့။ သူလုပ်ထားတယ်။ ဖုန်းထဲအသံဖိုင်ရှိတယ်။ ဗီဒီယိုရှိတယ်။ ဖုန်းနံပါတ်တွေရှိတယ်ဆိုပြီးပြောတယ်။”လို့ ၎င်းက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးချစ်ချစ်ကိုနဲ့ပတ်သက်ပြီး ဇန်နဝါရီလအတွင်း မိသားစုဝင်တွေဘက်က ဆက်သွယ်စုံစမ်းခဲ့ပေမယ့် ပကဖဘက်ကတိကျတဲ့အဖြေမပေးခဲ့ဘဲ လက်ရှိ ၆ လကျော်ကာလအထိ ဖုန်း ၅ ကြိမ်ထက်မနည်း ထပ်မံဆက်သွယ်စုံစမ်းပေးမယ့် ဖုန်းလက်ခံမဖြေတော့တာကြောင့် အသက်အန္တရာယ် စိုးရိမ်နေကြောင်း ဆက်ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး မြေလတ်အသံက မလှိုင်မြို့နယ်ပကဖကို ဆက်သွယ်မေးမြန်းရာ ဦးချစ်ကိုကိုအနေနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုနဲ့တည်နေရာတွေကို စစ်ကောင်စီနယ်ထိန်းအဖွဲ့တွေဆီ ဆက်သွယ်ပြောဆိုထားတာကိုသိရှိထားရတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းပြောဆိုပြီး အသေးစိတ်အခြေအနေတွေကိုတော့ ပြောဆိုတာမရှိပါဘူး။

“ရဲဘော်အသွားအလာတွေ သတင်းပို့တာစစ်လို့ပေါ်တယ်။ သူကိုယ်တိုင်လည်းဝန်ခံသွားတယ်” လို့ မလှိုင်မြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ဦးချစ်ကိုကို နဲ့ အတူဖမ်းဆီးခံရတဲ့ ၁၂ ဘီးကားအပါအဝင် ငွေသားနဲ့ပစ္စည်းတွေ ၆ လကြာတဲ့အထိ ပြန်ပေးတာမျိုးမရှိသေးဘူးလို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။