ရေစကြိုမှာ ရွှေချောင်းမြစ်ရေတင်စီမံကိန်းက လျှပ်စစ်မီးကြိုးတွေအခိုးခံရလို့ စပါးမစိုက်ပျိုးနိုင်

0 32
0 32

ရေစကြို၊ ဇူလိုင် ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ရွှေချောင်းမြစ်ရေတင်စီမံကိန်းက လျှပ်စစ်မီးသွယ်တန်းထားတဲ့ မီးကြိုးတွေ အခိုးခံရလို့ ကျေးရွာ ၄ ရွာမှာရှိတဲ့ လယ်ဧက ၄၀၀ နီးပါး စပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ဘူးလို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

ဒီရာသီဟာ မိုးစပါးစိုက်ပျိုးရမယ့် ရာသီဖြစ်ပြီး ဇူလိုင် ၁၃ ရက်မှာ ရေစကြိုမြို့၊ အမှတ် ၈ သုခဝတီရပ်ကွက်ရှိ ရွှေချောင်းမြစ်ရေတင်စီမံကိန်းက လျှပ်စစ်မီးကြိုးတွေ ခိုးယူခံခဲ့ရတာလို့ သိရပါတယ်။

အဆိုပါရေတင်စီမံကိန်းကနေ ကျွန်းမကြားကျေးရွာ၊ ရွှေချောင်းကျေးရွာ၊ ညောင်စောက်ရွာနဲ့ ရွာသစ်ရွာစတဲ့ ၄ ရွာမှာရှိတဲ့ လယ်ဧက ၄၀၀ နီးပါးကို ရေပေးတာဖြစ်ပြီး လျှပ်စစ်မီးကြိုး အခုလိုခိုးယူခံရတာကြောင့် ရေမ ပေးနိုင်တာကြောင့် တောင်သူတွေ မိုးစပါးစိုက်ပျိုးလို့မရနိုင်တာလို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

“(အခိုးခံရတာ) အားလုံးပေါင်း ၅ ကြိမ်ရှိသွားပြီဗျ။ ပြီးခဲ့တဲ့နှစ်ကလည်း ခိုးသွားလို့ ဧက ၄၀၀ကျော်၊၅၀၀ နီးပါး နွေစပါးမစိုက်လိုက်ရဘူး”လို့ ၎င်းကပြောပါတယ်။

ယခုနှစ်မတ်လကစပြီး နွေစပါးစိုက်ပျိုးခြင်းနားလိုက်ရကာ ယခုလည်းထပ်မံအခိုးခံရတာကြောင့် မိုးစပါးစိုက်ပျိုးခြင်းကို ထပ်မံနားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

၄ ကြိမ်မြောက် အခိုးခံရချိန်မှာ ဒေသခံတွေက ဒီ ၁ ကြိမ်မခိုးယူအောင် စောင့်ရှောက်ပါ့မယ်လို့ ပြောပြီး မီးကြိုးတွေ ထပ်မံထုတ်ယူခဲ့ရတာလို့သိရပါတယ်။ ယခုလို ထပ်မံအခိုးခံရတာကြောင့် တာဝန်ရှိသူတွေကလုံခြုံရေးမရှိဘူးဆိုပြီး စက်တွေကို ဖြုတ်သိမ်းမယ့် အခြေအနေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စပါးမစိုက်ရတဲ့ အခြေအနေကြောင့် “ဒေသတွင်းဆန်ဖူလုံမှုက ဒီမြေတွေအပေါ် မူတည်နေတာ။ နောက်တခါ ဒေသတွင်းအလုပ်အကိုင်ဖြစ်တဲ့ ပျိုးနှုတ်တို့ ကောက်စိုက်တို့၊ နွားထွန်(လယ်ထွန်)တို့ အဲဒီအလုပ်တွေလည်း အကုန် အလုပ်လက်မဲ့တွေ ဖြစ်သွားပြီ။ ကျွန်တော်တို့ ဒီဘက်ကလူတွေ အကုန်အလုပ်အကိုင်ခက်ခဲနေတဲ့အချိန်၊ စားဝတ်နေရေး ခက်ခဲနေတဲ့အချိန်မှာ၊ နောက်ပြီးဆန်ဝယ်စားဖို့ကလည်း မလွယ်ဘူး။”လို့ဒေသခံ တောင်သူက ဆက်ပြောပါတယ်။

အဆိုပါရေတင်စီမံကိန်းဟာ ချင်းတွင်းမြစ်ကနေ အမှတ် ၈ သုခဝတီရပ်ကွက်ကတဆင့် အထက်ပါကျေးရွာ‌ တွေကို ရေပေးနေတာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီရပ်ကွက်အနီးက ကပ်ကျော်ကျောင်းအတွင်းမှာ ပျူစောထီး အင်အား ၁၅ ယောက်ဝန်းကျင် အခြေစိုက်ထားတာရှိပြီး အနီးအနားကကျေးရွာတွေမှာ တော်လှန်ရေးတပ်တချို့ရှိတာကြောင့် နှစ်ဖက်အပစ်အခတ် မကြာခဏရှိတဲ့နေရာဖြစ်ပြီး အစောင့်ရှိပေမယ့် အစောင့်ကလည်းမ‌စောင့်ရဲဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလယ်မြေတွေဟာ မြစ်ရေတင်စီမံကိန်းကိုသာအားထားပြီး စပါးစိုက်ပျိုးရတဲ့ မြေဖြစ်ကာ တခြားသီးနှံ ပြောင်းလဲစိုက်ပျိုးလို့မရတဲ့မြေတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။