လေကြောင်းကင်းထောက်ရင်း ခလုတ်တိုက်လဲရာက လွယ်အိတ်ထဲပါ ဗုံးကွဲလို့ LPDF တဦးကျဆုံး

0 38
0 38

ဝက်လက်၊ ဇူလိုင် ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောင်သပြေသာ ကျေးရွာအနီးမှာ ဗုံးမတော်တဆပေါက်ကွဲမှုဖြစ်ပြီး တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ရတယ်လို့ ဝက်လက်အခြေစိုက် BO Tiger တပ်ဖွဲ့က ဇူလိုင် ၁၆ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားသူဟာ BO Tiger တပ်ဖွဲ့ဝင် အသက် ၄၆ နှစ်အရွယ် ကိုကံထူးဖြစ်ပြီး ဇူလိုင် ၁၃ ရက် နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီလေကြောင်းပျံသန်းမှုကို ကင်းထောက်နေစဥ် အောင်သပြေကျေးရွာအနီးမှာ ၎င်းရဲ့လွယ်အိတ်အတွင်းထည့်လာတဲ့ လက်ပစ်ဗုံးက မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

” ဖိုက်တာတွေက နေ့ရောညရောဝဲနေတာဆိုတော့ နေ့ပစ်မလား၊ ညပစ်မလားဆိုပြီး လိုက်ကြည့်နေရတော့ ဒီဘက်ကလူတွေက အိပ်ရေးပျက်များလာတယ်။ သူက အိပ်ရေးပျက်ပါများလာတာကော ခလုတ်ကန်သင်းတိုက်ပြီး လဲတဲ့အခါကျတော့ စနက်တံကို ရိုက်ဖြုတ်သလိုဖြစ်ပြီး ပေါက်ကွဲသွားတာ”လို့ BO Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက မြေလတ်အသံကို ပြောပါတယ်။

ကိုကံထူးရဲ့လွယ်အိတ်အတွင်း လက်ပစ်ဗုံး ( KIA ထုတ် နာနာတ်သီး) ပါရှိတာဖြစ်ပြီး ခလုတ်တိုက်ချော်လဲတာကြောင့် ဗုံးမတော်တဆပေါက်ကွဲခဲ့ကာ ခန္ဓာကိုယ်ဝမ်းဗိုက်ပြတ်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ သိရပါတယ်။

ကျဆုံးသွားသူ ကိုကံထူးဟာ BO Tiger တပ်ဖွဲ့စတင်ထူထောင်စဥ် ၂၀၂၂ ကတည်းက တပ်ဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပြီး အဖွဲ့ခေါင်းဆောင်နဲ့ ဦးလေးအရင်းတော်စပ်သူလည်းဖြစ်ကာ ၎င်းကို အခင်းဖြစ်နေ့မှာပဲ နေ့ ချင်းပြီး သင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။

BO Tiger တပ်ဖွဲ့အတွင်း ယခုလို မိုင်းမတော်တဆဖြစ်မှုကြောင့် ကျဆုံးတာဟာ ပထမဆုံးဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်ရင်း ကျဆုံးထားသူ ၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။