12 July 2026 9:19 AM

ရဲကင်းစခန်း ပစ်ခတ်ခံရပြီး လာကူတဲ့စစ်သားတွေပါမိုင်းဆွဲခံရလို့ သေဆုံးမှုတွေရှိ

0 4
0 4

သရက်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

မကွေးတိုင်း၊ သရက်မြို့နယ်က ရဲကင်းစခန်းကို ဖေဖေါ်ဝါရီလ ၂၀ ရက်ဒီမနက်ပိုင်းက တိုက်ခိုက်ခဲ့ပြီး အဲ့စခန်းကို ကူဖို့လာတဲ့စစ်သားတွေကိုပါ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနဲ့ရဲ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Eagle Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အင်အား ၁၅ ဦးဝန်းကျင်ရှိတဲ့ ဆင်ကော်တိုက်နယ်ရဲစခန်းကို ဒီနေ့မနက် ၆ နာရီလောက်မှာ တိုက်ခိုက်ခဲ့ပြီး လိုက်ထရပ်ကားနဲ့စစ်ကူလာတဲ့အင်အား ၂၅ ဦးဝန်းကျင်ပါ စစ်သားတွေကိုပါ စောင့်ကြိုမိုင်းဆွဲပစ်ခတ်ခဲ့တာလို့ Eagle Force အဖွဲ့တာဝန်ခံ ကိုမြတ်ကပြောပါတယ်။

“ရဲတွေရဲ့ အလောင်းကိုသရက်ဆေးရုံကိုသယ်သွားတယ်။ ဒုရဲအုပ်နဲ့ဒုတပ်ကြပ်က နေရာမှာပဲသေပြီး စခန်းမှူးက ဆေးရုံမရောက်ခင်လမ်းမှာသေတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ ရဲလည်း ၃ ယောက်ရှိတယ်လို့သိရတယ်။ ကပစ ၁၂ က စစ်သားတွေကို ဘယ်ကိုသယ်တယ်ဆိုတာတော့ ကျနော်တို့ နောက်ပြန်ဆုတ်လာခဲ့ရလို့ မသိရဘူး” လို့ပြောပါတယ်။

သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ – ၁၂က တပ်သားတွေဟာ သရက်မြို့နယ်၊ တွင်းလယ်ရွာမှာ တပ်စွဲထားတာဖြစ်ပြီး၊ စစ်ကူလာချိန် တွင်းလယ်ရွာနဲ့ ပုဏ္ဏားရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်သလို မောင်းပြန်တွေနဲ့ပါ နှစ်ဘက်ညှပ် ပစ်ခတ်ခံရတာကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် လိုက်ထရပ်ကားပက်လက်လှန်သွားပြီး ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Eagle Force အဖွဲ့နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင် သေးပါဘူး။

ဒါ့အပြင်ဒီမနက် ၈ နာရီခွဲလောက်မှာလည်း အဆိုပါတပ်ဖွဲ့ဝင်တွေဟာ မင်းတုန်းမြို့နယ်၊ ၅ မိုင်စစ်ဆေးရေးဂိတ်ကိုပါ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Eagle Force အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၉ ရက်မနက်မှာလည်း ၁၂၀ မမ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ စတဲ့လက်နက်ကြီးကျည်တွေ ထုတ်လုပ်ပေးနေတဲ့ ကပစ ၁၂ ကိုရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခဲ့သလို ဖေဖေါ်ဝါရီလ ၁၅ ရက်ညမှာလည်း ကာကွယ်ရေးပစ္စည်းစက်ရုံလူပျိုဆောင်ကို ၉၀ မမရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။