27 July 2026 2:49 AM

PDF စခန်းစီးနင်းခံရပြီး မင်္ဂလာဆောင်ခါနီး ရဲဘော်ဇနီးမောင်နှံလည်း သတ်ခံရ

0 9
0 9

မကွေး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ Southern Yesagyo PDF အဖွဲ့စခန်းကို ဖေဖေါ်ဝါရီလ ၁၇ ရက်မနေ့က မနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး၊ PDF ရဲဘော်ဇနီးမောင်နှံ ၂ ဦးကိုလည်း သတ်ခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုနဲ့ ပခုက္ကူဘက်ကလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်သားတွေက သဲတောရွာနဲ့ အနီးဆုံးမှာရှိနေတဲ့ အဆိုပါ PDF စခန်းကို စီးနင်းခဲ့တာလို့ Southern Yesagyo PDF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။

“ကျဆုံးသွားတဲ့ ကိုဖေနဲ့မချိုတို့က Urban Underground Revolution Force (UURF-YSO) အဖွဲ့က ဖြစ်ပေမယ့် Southern Yesagyo PDF မှာ နေတာပါ။ သူတို့လင်မယားက သဲတောရွာမှာ ညအိပ်တာ ၁၇ ရက်မနက်ရောက်တော့ စစ်သားတွေက သူတို့ ၂ ဦးကို ဖမ်းတယ်။ အခြားရွာသား ၁၀ ဦးလောက်ကိုလည်း တစာခံဖမ်းပြီး စခန်းကို လိုက်ပြခိုင်းတာ” လို့ ပြောပါတယ်။

စခန်းအတွင်းရောက်ချိန် ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း ပြန်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲချိန်မှာ ရဲဘော်ဇနီးမောင်နှံ ၂ ဦးက ထွက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းဆီးခံရပြီး ပစ်သတ်ခံရပြီးနောက် စခန်းမှာပဲမီးရှို့သွားတာလို့ ဗိုလ်အောင်မောင်းက ဆက်ပြောပါတယ်။

စခန်းမီးရှို့ခံရတာကြောင့် ၆၀ မမပြောင်းတွေအပြင် ကိုဖေဆီက Glock 380 ပစ္စတိုတလက်နဲ့ ကျည်ဆံတွေလည်း ပါသွားပြီး ကျပ်သိန်း ၃၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

ကိုဖေနဲ့မချိုတို့ ဇနီးမောင်နှံဟာ ဖေဖေါ်ဝါရီလ ၁၈ ရက်ဒီနေ့မှာ မင်္ဂလာဆောင်ဖို့ စီစဥ်ထားဖြစ်ပေမယ့် လက်ရှိမှာတော့ သူ့တို့ဇနီးမောင်နှံရဲ့ ကြွင်းကျန်တဲ့ရုပ်အလောင်းတွေကို Southern Yesagyo PDF ရဲဘော်တွေကပဲ မီးသဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။