မြေလတ်အသံ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၃။
ကာတွန်း – နေညိုအေး
မြေလတ်အသံ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၃။
စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးခရီးတလျှောက် လက်ရှိအခြေအနေဟာ တော်လှန်ရေး အောင်မြင်မှုရဲ့ အထွဋ်အထိပ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ တနိုင်ငံလုံး ခြိမ့်ခြိမ့်သဲဆင်နွှဲခဲ့ကြတယ်။ စစ်အာဏာရှင်က လက်နက်အားကိုးနဲ့ အကြမ်းဖက်ဖြေရှင်းလာတဲ့အခါ လူထုဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့ ကြိုးစားခဲ့ကြတယ်။
လက်လုပ်သေနတ်တွေကိုင်ပြီး အာဏာရှင်စစ်တပ်ကို ပြောက်ကျားနည်းစနစ်နဲ့ နေရာအစုံမှာ တော်လှန်ခဲ့ကြတယ်။ ၃ နှစ်နီးပါးရှိလာတဲ့ ကာလတလျှောက်လုံးမှာ လက်ရှိအခြေအနေဟာ လက်နက်ကိုင်တော်လှန်ရေး၊ စစ်အာဏာရှင်တော်လှန်ရေးရဲ့ အအောင်မြင်ဆုံးနဲ့ အတိုးတက်ဆုံးအချိန်လို့ ဆိုရမှာပါ။
ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ အောင်မြင်မှုဆိုတာ အကြမ်းဖက်စစ်အာဏာရှင်အတွက် အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်၊ အရေးနိမ့်နေတဲ့အချိန် တနည်းအားဖြင့် စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ရဲ့ အားအနည်းဆုံးအချိန်ပါ။
ဒီအခြေအနေ၊ ဒီအခွင့်အရေးဟာ ၂ ခါ ရချင်မှ ရပါလိမ့်မယ်။ ကျိန်းသေတာက လက်ရှိ ကြုံလာရတဲ့အခွင့်အရေးကို အမိအရဆုတ်ကိုင်နိုင်ဖို့ပါပဲ။
ဒါကြောင့် မြန်မာလူထုလိုလားတောင့်တနေတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆိုတာ မြန်မာပြည်သူတဦးချင်းစီရဲ့ အရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီလို့ ဆိုရမှာပါ။ လှမ်းယူဆုတ်ကိုင်ရမယ့် အားစိုက်မှုတခုသာ လိုပါတော့တယ်။
ရရှိလာတဲ့အခွင့်အရေးကို မလွတ်တမ်းအမိအရဆုပ်ကိုင်ပြီး တော်လှန်ရေးအောင်ပန်းကို လှမ်းယူနိုင်ဖို့ လူတိုင်းကိုယ်စီ ကျရာတာဝန်ကို ရောက်ရာနေရာက ထမ်းဆောင်ကြဖို့ ကျွန်ုပ်တို့ မြေလတ်အသံက အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
မြေလတ်အသံ၊ အောက်တိုဘာ ၁၅၊ ၂၀၂၃။
မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး လပိုင်းအတွင်းမှာပင် သတင်းစာ၊ ဂျာနယ်နှင့် အွန်လိုင်းမီဒီယာများ တခုပြီးတခု ထုတ်ဝေခွင့် လိုင်စင်များ ပိတ်သိမ်းခံလိုက်ရသည်။ သတင်းစာဆရာများသည်လည်း သတင်းယူရင်းသော်လည်းကောင်း၊ နေအိမ်၌သော်လည်းကောင်း၊ သတင်းစာတိုက်တွင်သော်လည်းကောင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းများကို ခံခဲ့ရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာသတင်းမီဒီယာအပေါ် အဘက်ဘက်မှ ဖိနှိပ်ရမ်းကားမှုများကြောင့် မြန်မာနိုင်ငံ၏သတင်းလွတ်လပ်ခွင့်အဆင့်အတန်းသည်လည်း ကျဆင်းခဲ့ရသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် မြန်မာ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်သည် အဆင့် ၁၇၃ တွင်ရှိနေသည်။
အလားတူ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် သတင်းစာဆရာများကို ဒုတိယ အဆိုးရွားဆုံး ဖမ်းဆီးထောင်ချသည့် နိုင်ငံတခုဖြစ်သည်ဟု RSF တွင် မှတ်တမ်းတင်ထားသည်။
လွတ်လပ်ခွင့်၊ လွတ်လပ်မှုကို ကြောက်ရွံ့သည့် အာဏာသိမ်းစစ်တပ်၏ အမျိုးမျိုးသော ကန့်သတ်ချုပ်ချယ်မှုများကြောင့် မြန်မာသတင်းမီဒီယာအချို့ ရပ်နားခဲ့ကြသော်လည်း သတင်းမီဒီယာအများစုကတော့ စစ်ကောင်စီ၏ ဖိနှိပ်မှုကို အံတုကာ ပုံစံမျိုးစုံဖြင့် ဆက်လက်ရပ်တည်ခဲ့ကြသည်။
ယင်းသို့ရပ်တည်ခဲ့ကြသည့် သတင်းမီဒီယာများတွင် မြေလတ်အသံသတင်းဌာနကလည်း တခုအပါအဝင်ဖြစ်သည်။
မြေလတ်အသံသတင်းဌာနသည် စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့သည့်အချိန်မှစ၍ ပြည်သူနှင့်အတူ အမှန်တရားဘက်မှ ရပ်တည်ခဲ့သည်။ သတင်းမီဒီယာကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံကာ ပြည်သူထံသို့ သတင်းများကို တင်ဆက်ပေးခဲ့သည်။
အာဏာသိမ်းသည့်စစ်တပ်က အဓမ္မ၊ တော်လှန်ရေးအင်အားစုများက ဓမ္မဟု သတ်မှတ်မည်ဆိုပါကလည်း မြေလတ်အသံအနေဖြင့် အဓမ္မသမားများကို ချွင်းချက်မရှိရေးသားဖော်ထုတ်ရမည်ဖြစ်သည့်နည်းတူ ဓမ္မဟု မှတ်ယူထားသည့်ဘက်မှ ပြည်သူလူထုနှင့်ကင်းကွာသည့် သို့မဟုတ် အမှန်တရားနှင့်ကင်းကွာသည့် လုပ်ရပ်များကို ရေးသားဖော်ထုတ်မည့်အရေးတွင်လည်း မြေလတ်အသံသတင်းဌာနသည် လက်တွန့်နေမည် မဟုတ်ပေ။
တော်လှန်ရေးကာလဖြစ်ခြင်းကြောင့်ဟူ၍လည်း ချွင်းချက်ထားကာ သတင်းများကို ဘက်လိုက်ရေးသားမည် မဟုတ်ဘဲ သတင်းမီဒီယာကျင့်ဝတ်များကို အစဉ်လက်ကိုင်ထားကာ သတင်းများကို ကြိုးစားတင်ဆက်သွားမည်ဖြစ်ကြောင်း ကျွနှ်ပ်တို့မြေလတ်အသံက ထပ်လောင်းပြောကြားအပ်ပါသည်။