မြေလတ်အသံ၊ မတ် ၂၊ ၂၀၂၄။
ကာတွန်း – နေညိုအေး
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄။
၂၀၂၁ စစ်အာဏာသိမ်းမှုကစတင်သည့် နွေဦးတော်လှန်ရေးသည် ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းစသည့် ပြည်နယ်နှင့်တိုင်းနေရာအများစု၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသက်ရောက်မှုသည် အာမခံချက်မရှိတော့။
အချို့နေရာများ၌ဆိုလျှင် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်များပင် ခြေချ၍ မရနိုင်တော့သည့် အခြေအနေသို့ ဆိုက်နေပြီဖြစ်သည်။ တိုက်ပွဲမရှိသည့် တိုင်းနှင့်ပြည်နယ်များ၌ပင် စစ်ကောင်စီ၏အုပ်ချုပ်ရေးသည် ခေါင်းအေးနေရသည်တော့မဟုတ်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကာလအတွင်း၌ မင်းအောင်လှိုင်၏ စစ်ကောင်စီစစ်တပ်အပြင် ပြည်နယ်နှင့် တိုင်းအလိုက် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အသီးသီးက နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးများကို လုပ်ဆောင်နေကြပြီဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် အုပ်ချုပ်ခံတော်လှန်ရေးအင်အားစုတချို့သည် ယခုအခါ အုပ်ချုပ်သူ လူတန်းစားအဖြစ် ပြောင်းလဲလာကြပြီဖြစ်သည်။
သာမန်အားဖြင့်ကြည့်မည်ဆိုလျှင် အာဏာရှင်မင်းအောင်လှိုင်၏ စစ်တပ် အရေးနိမ့်နေခြင်းဖြစ်ရာ ကောင်းသည့် လက္ခဏာဟု ဆိုစရာရှိသည်။
သို့သော် တဖက်မှပြန်ကြည့်လျှင် ယခုအချိန်သည် အုပ်ချူပ်သူလူတန်းစားသည် ဥပဒေများဖြင့် အုပ်ချုပ်နေခြင်းထက် သေနတ်ဖြင့် အုပ်ချုပ်နေခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးမှုဟူသည် သေနတ်ပြောင်းဝ၌ တည်နေသည်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူများဖြစ်သည့်တိုင် လက်ထဲသို့လက်နက်ရောက်သွားသည့်အခါ ၎င်းတို့ ကိုယ်တိုင်သည်ပင် အာဏာရှင်ဆန်သွားတတ်သည့် အခြေအနေများရှိလာနိုင်သည်။
ထို့ကြောင့် ဤနေရာ၌ ထောက်ပြလိုသည်မှာ အာဏာရှင်မင်းအောင်လှိုင်၏ လက်အောက်ခံစစ်တပ်မှ ဖြစ်စေ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့်တော်လှန်ရေးအဖွဲ့မှ ဖြစ်စေ ပြည်သူလူထုအပေါ် မတရားသဖြင့် ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ခြင်းများ ကျူးလွန်မည်ဆိုပါက မြေလတ်အသံအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်သွားမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
အာဏာရှင်ကို တော်လှန်နေသည်၊ တော်လှန်ရေး၌ ပါဝင်နေသည်ဆိုရုံမျှဖြင့် ပြည်သူလူထုအပေါ်ဖိနှိပ်ခြင်း၊ ထင်ရာစိုင်းပြုမှုခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ အကျင့်ပျက်ခြစားခြင်းများကို ခွင့်ပြုပေးထားမည်မဟုတ်။
တော်လှန်ရေးကာလအတွင်း မတရားမှုမှန်သမျှကို မှတ်တမ်းတင်ထားမည်သာဖြစ်ကြောင်း ဤနေရာကနေ ထပ်လောင်းပြောကြားလိုပါသည်။
ထို့နည်းတူ အခြားမီဒီယာအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအနေဖြင့်လည်း မတရားမှုမှန်သမျှကို ဖော်ထုတ်မှတ်တမ်းတင်ပြီး စစ်မှန်သည့်တော်လှန်ရေးကို ဆက်လက် ချီတက်တိုက်ပွဲဝင်သွားကြရန် ကျွနှ်ပ်တို့မြေလတ်အသံမှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
မြေလတ်အသံ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၄။
မြေလတ်ဒေသ၏ စစ်အာဏာရှင်နွေဦးတော်လှန်ရေးအထိုင်က ကြည့်မည်ဆိုလျှင် ပြီးခဲ့သည့် ၂၀၂၃ သည် ဆုံးရှုုံးမှု၊ အောင်မြင်မှု၊ ဝေဝါးရှုပ်ထွေးမှု များစွာနှင့် ရင်ဆိုင်ခဲ့ရသည့် နှစ်တနှစ်ဖြစ်သည်။
နွေဦးတော်လှန်ရေး ဒီရေငြိမ်သက်ခဲ့ပြီး “တော်လှန်ရေးကြီးက အောင်မြင်ပါ့တော့မလား” ၊ “တော်လှန်ရေးကြီးက ဘယ်တော့ပြီးမှာလဲ” စသည့်အတွေးစိတ်များ ဝင်လာဆဲအခိုက်အတန့်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးက လူတိုင်းစိတ်အာရုံကို လှုပ်နှိုးဖမ်းစားနိုင်ခဲ့သည်။
နွေဦးတော်လှန်ရေးအောင်စိတ်များ လက်သီးလက်မောင်းတန်းကာ ပြန်လည်နိုးကြားလာခဲ့သည်။ ၁၀၂၇ စစ်ဆင် ရေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ၊ ဒီမိုကရေစီအရေးလိုလားသူများအတွက် ပျော်ရွှင်မှု၊ စိတ် ကျေနပ်မှု များစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေး ၂ နှစ်ကျော်၊ ၃ နှစ်ကြာ ကာလတလျှောက်လုံး စစ်အာဏာရှင် မင်းအောင်လှိုင်၏ အရှိုက်ကို အကြီးအကျယ်ထိုးနှက်နိုင်ခဲ့သည့် လုပ်ရပ်ဖြစ်သည်။ စစ်ကောင်စီတပ်များကို ခြောက်ခြား သွေးပျက်စေခဲ့သည့် လက်တွေ့အကောင်အထည်ဖော်မှုဖြစ်သည်။
တနည်းအားဖြင့် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြသည့်အဖွဲ့အစည်းများအား “စစ်တိုက်တယ်ဆိုတာ ဒီလိုတိုက်ရတယ်”၊ “စစ်ကောင်စီကို ချေမှုန်းအနိုင်ယူတယ်ဆိုတာ ဒီလိုအနိုင်ယူရတယ်ကွ” ဟူ၍ လက်တွေ့ ကျကျ သင်ခန်းစာပြသွားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
၁၀၂၇ စစ်ဆင်ရေးလှိုင်းကို စီးကာ စစ်ကိုင်းနှင့် မကွေးတိုင်းတွင်လည်း စစ်ရေးအရှိန်များ တိုးမြှင့်ခဲ့သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့မှ တပ်တချို့အပါအဝင် PDF၊ ပကဖ နှင့် Local PDF များ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ကောလင်း၊ မော်လူး၊ ရွှေပြည်အေး၊ ခမ်းပတ်မြို့များအပါအဝင် ရဲစခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဤနေရာတွင် သတိထားမိသည့်အချက်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ ပေါများလှသည့် မကွေးနှင့် စစ်ကိုင်းတိုင်းတွင် ယခုထက်ပိုသော စစ်ဆင်ရေးတိုက်ပွဲများ၊ အောင်မြင်မှုများ ပိုမိုမြင်တွေ့ရနိုင်သည့်အခြေအနေဖြစ်သည်။
သို့သော် စစ်ဆင်ရေးများ၊ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများဆင်နွှဲနိုင်ရန် တော်လှန်ရေးရဲဘော်များလက်ထဲတွင် ကျည်ဆံလက်နက်ခဲယမ်း လုံလုံလောက်လောက်မရှိ၊ သေနတ်မပြည့်စုံ။ ယင်းအခြေအနေသည် လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိဖြစ်သည်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အများစုသည် လက်လုပ်သေနတ်များကိုသာ ကိုင်ထားရပြီး တိုက်ပွဲဆင်နွှဲရန် ကျည်ဆံကို အလှူခံနေရသည်။ ယင်းအခြေအနေတွင် စခန်းသိမ်း တိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန်က မည်သို့မျှ မဖြစ်နိုင်။
ထို့အပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲများ ဆင်နွှဲနေကြသည်ဟူသော ရည်ရွယ်ချက်ခြင်း တူညီကြသော်လည်း အဖွဲ့များကြားတွင် ဝိဝါဒကွဲပြားများမှု ရှိနေကြသည်။
ယင်းကဲ့သို့သော ပွတ်တိုက်မှုများသည် ၂၀၂၃ ခုနှစ်အတွင်း မကြာခဏမြင်တွေ့ခဲ့ရသည်ဟုဆိုရမည်။ အဖွဲ့အချင်း ချင်းကြားအသက်ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ရသည့် သာဓကများလည်းရှိသည်။
အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြားဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးကို လှိုင်းစီးကာ စစ်ကိုင်းတိုင်းအတွင်း စခန်းသိမ်း၊ မြို့သိမ်းများတိုက်ပွဲဖော်ဆောင်နေသည်နှင့်တပြိုင်တည်း တချို့ကလည်း နိုင်ငံရေးလမ်းကြောင်းကို ဖောက်ကြသည်။ အုပ်ချုပ်ရေးတည်ဆောက်နိုင်ဖို့ ကြိုးစားကြသည်။
ယင်းသို့အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကြား အငြင်းပွားမှုများရှိခဲ့ကြသည်။
အချို့က အုပ်ချုပ်ရေးကို တခါတည်းဆောက်သွားရမည်ဟု အမြင်ရှိသလို အချို့ကလည်း အာဏာရှင်တော်လှန်ရေးကိုသာ အဆုံးသတ်သည်အထိ တိုက်ပွဲဝင်ပြီး နိုင်ငံရေးလမ်းကြောင်းကို အားလုံးပါဝင်သည့် အခြေအနေတခုအဖြစ်ဖန်တီးပြီးမှ ဆောင်ရွက်သင့်သည်ဟု ဝေဖန်ထောက်ပြကြသည်။
အထက်ပါဖြစ်စဉ်များကို ထောက်ရှုခြင်းအားဖြင့် ကျိန်းသေသည့်အချက်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေးအရ ကွဲပြားမှုများရှိနေသည်က အမှန်ပင်ဖြစ်သည်။
ထို့ကြောင့် အဆိုပါမတူကွဲပြားနေကြသည့် အခြေအနေများကို သဘောထားကြီးစွာဖြင့် အပြန်အလှန်ညှိနှိုင်းပြီး မပြည့်စုံမှုများကို ဖြည့်တင်းလျက် စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးကြီးကို ၂၀၂၄ ခုနှစ်တွင်းလည်း အကောင်းဆုံးဖောင်ဆောင်နိုင်ပါစေကြောင်း ကျွနိုပ်တို့ မြေလတ်အသံက ဆန္ဒပြုအပ်ပါသည်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၃။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးလိုလားချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးဖြစ်သည်။ ဤအချက်သည် စစ်တပ်အာဏာသိမ်းမှုအလွန် ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ တော်လှန်ရေးလက်နက်ကိုင်အင်အားစုများက အသက်ပေး၊ ဘဝတွေပေးကာ ရင်းနှီးတိုက်ယူနေကြသည့် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးလိုလားချက်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲကာလ မြန်မာနိုင်ငံသားများ၏ နိုင်ငံရေးလိုလားချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရရှိပြီး အစိုးရဖွဲ့စည်းနိုင်ရေး၊ လွှတ်တော်အရပ်ရပ်ရှိ ၂၅ ရာခိုင်နှုန်းနေရာယူထားသော တပ်မတော်သားများ ဖယ်ရှားပြီး စစ်မှန်သည့်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးဖြစ်နိုင်မည်။ (တိုင်းရင်းသားဒေသများတွင်လည်း တိုင်းရင်းသားပါတီများက ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ မဲနိုင်ရေး၊ တန်းတူညီမျှရေးနှင့် ဖယ်ဒရယ်စနစ်ရရှိရေးဖြစ်မည်။)
သို့သော် စစ်တပ်ကအာဏာသိမ်းပြီးသည့်နောက်ပိုင်းမှာတော့ အထက်ပါ ၂၀၂၀ နိုင်ငံရေးလိုလားချက်များ ပြောင်းလဲသွားခဲ့ပြီဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော နိုင်ငံရေးအခင်းအကျင်းများပြောင်းလဲသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ယခင်က မရှိခဲ့သည့် အမျိုးမျိုးသော ဗမာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပေါ်ထွက်လာသည်။ သပိတ်အင်အားစုများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ CDM အဖွဲ့များ၊ စစ်ရှောင်ကူညီရေးနှင့် ထောက်ပို့အဖွဲ့များ၊ တော်လှန်ရေးဦးဆောင်မှုပေးနေသည့် အင်အားစုများ စသဖြင့် အမျိုးမျိုးပေါ်ထွက်လာခဲ့သည်။ တနည်းအားဖြင့် နိုင်ငံရေးကစားကွင်းအသစ်တွင် ပလေရာအသစ်များ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။
ဤနေရာတွင် သတိပြုရမည့်အချက်က လက်ရှိနိုင်ငံရေးအခင်းအကျင်းသစ်ကို ယခင်နိုင်ငံရေးအကောက်အယူ၊ အစွဲအလမ်းနှင့် ယခင်နိုင်ငံရေးအထိုင်က ကြည့်မည်ဆိုလျှင် အံချော်စရာရှိ၏။ လူထုဝေဖန်စရာဖြစ်မည်။
ဥပမာဆောင်ရမည်ဆိုလျှင် ၂၀၂၀ ရွေးကောက်ခံဖြစ်သည့်အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စစ်ရေးကိစ္စများကို ဦးဆောင်ရမည်ဆိုသောအတွေးသည် နိုင်ငံရေးအခင်းအကျင်းသစ်တွင်ပေါ်ထွက်လာသည့် ပလေရာသစ်များ ဖြစ်သော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ သပိတ်အင်အားစုများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တန်ဖိုးမထား ဥပက္ခာပြုရာရောက်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးများ၏ ကိုယ်စားပြုလွှတ်တော်ကော်မတီများက နိုဝင်ဘာလထဲတွင် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။
ယင်းသို့အတည်ပြုပြဌာန်းရာတွင် အခြားသောနိုင်ငံရေးအင်အားစုများ၏ ဆွေးနွေးသဘောတူညီမှုကို မယူဘဲ ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ခံကိုယ်စားလှယ်များဟူသည့် အချက်ကိုဆွဲကိုင်ကာ အတည်ပြုပြဌာန်းခဲ့ခြင်းကြောင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဝေဖန်ထောက်ပြမှုကို ခံနေရသည်။
အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေရပြီး အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီစနစ်အတွက် နိုင်ငံရေး ဆွေးနွေးမှုများ ကြေလည်အောင် ဆွေးနွေးနေရသည့် နိုင်ငံရေးအကူးအပြောင်းကာလတခုတွင် တခြားသော နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးတိုင်ပင်မှုမရှိဘဲ ယခုကဲ့သို့ လုပ်ခဲ့သည့် လုပ်ရပ်သည် နိုင်ငံရေးအရ လက်ဦးမှုရယူလိုက်သည့် သဘောမျိုးဖြစ်နေသည်။
ဤနေရာတွင် ထပ်လောင်းပြောကြားရမည်ဆိုလျှင် လက်ရှိနိုင်ငံရေးအခင်းအကျင်းသစ်တွင် ပုဂ္ဂိုလ်တဦးတယောက်၊ ပါတီတခုရပ်တည်ရေး၊ အစိုးရဖွဲ့စည်းနိုင်ရေးထက် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး အာမခံချက် ပေးနိုင်မည့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် လက်တွေ့ကျကျပေါ်ပေါက်လာရေးကို ဆောင်ကျဉ်းပေးနိုင်မည့်သူများကိုသာ အလိုရှိကြောင်း ကျွန်ုပ်တို့မြေလတ်အသံက ယုံကြည်သည်။