မြေလတ်အသံ၊ မတ် ၂၇၊ ၂၀၂၄။
ကာတွန်း – နေညိုအေး
မြေလတ်အသံ၊ မတ် ၂၁၊ ၂၀၂၄။
တိုင်းပြည်၏အာဏာကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မသိမ်းယူခဲ့သည့် အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်သူလူထုအပေါ် အကြမ်းဖက်နှိမ်နင်းခြင်း၊ ဖမ်းဆီးအကျဉ်းချသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည့်အပြင် လူသားမျိုးနွယ်သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်ဖျက်ဆီးမှုများကိုပင် ဆက်လက် ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏နောက်လိုက်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများကို သည်းမခံနိုင်တော့သည့် ပြည်သူများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ပြည်သူလူထုသည် ကိုယ်တိုင်လက်နက်မကိုင်ကြသည့်တိုင် အာဏာရှင်ပြုတ်ကျရေးအတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဝန်းရံခဲ့ကြသည်။
ဤသို့ဖြင့် အညာဒေသအပါအဝင် တိုင်းရင်းသားပြည်နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ တော်လှန်ရေး အင်အားစုများဘက်မှ သေဆုံးမှုများရှိသည့်နည်းတူ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များဘက်မှလည်း အများအပြားသေဆုံးလျက်ရှိသည်။
အလားတူ အရပ်သားပြည်သူများသေဆုံးခြင်း၊ အရပ်သားပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည် ၂၀၂၁ မှစ၍ ယနေ့အချိန်ထိ စစ်တပ်၏ လက်ချက်ဖြင့်သေဆုံးခဲ့ရသည့် အမျိုးသမီး ၆၅၉ ဦးနှင့် ကလေး ၄၉၀ အပါအဝင် အရပ်သားပြည်သူ ၄,၆၀၃ ကျော်(လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မပါ) သေဆုံးထားပြီဖြစ်သည်ဟု မတ်လ ၁ ရက်က ထုတ်ပြန်ခဲ့သည့် UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၄ ဇန်နဝါရီတလတည်း၌ပင် စစ်ကောင်စီ၏လက်ချက်ဖြင့် အရပ်သားပြည်သူ ၂၃၂ ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
အလားတူ အမျိုးသမီး ၃,၉၀၉ ဦးအပါအဝင် စစ်တပ်ကို ဆန့်ကျင်သည့် ပြည်သူ ၂၀,၀၀၀ ကျော်မှာလည်း ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟုဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်ပေါင်း ၇၅,၀၀၀ ကျော်အထိ ဖျက်ဆီးခံထားရပြီဖြစ်သည်။ စစ်ကိုင်းတိုင်းသည် လူနေအိမ်ခြေ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ပြီး အိမ်ခြေ ၅၀,၀၀၀ ကျော် မီးရှို့ခံထားရသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)၏ စာရင်းများအရလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် ရှိနေပြီဟုဆိုသည်။
အထက်ပါကိန်းဂဏန်းများသည် ရှေ့ဆက်တိုးမြှင့်လာဖွယ်ရှိသည့် အခြေအနေများကိုလည်း တွေ့မြင်နေရသည်။
၂၀၂၃ အောက်တိုဘာလ၌ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့်အချိန် တိုင်းပြည်အတွင်း စစ်ပွဲများပိုမိုပြင်းထန်ခဲ့ရာ ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည်၊ ကရင်နီပြည်နှင့် ရခိုင်ပြည်တို့တွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် မြောက်များစွာသေဆုံးပြီး လက်နက်ချအညံ့ခံခဲ့သူများစွာလည်း ရှိခဲ့သည်။
ဤကဲ့သို့ အရှုံးများနှင့်ရင်ဆိုင်ရပြီး တပ်သားအင်အားပြုန်းတီးမှုများနေသည့် စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်၌ စစ်မှုထမ်ဥပဒေကို အသက်သွင်းကာ ၎င်းတို့အတွက် အရေးတကြီးလိုအပ်နေသည့် စစ်အင်အားကို ဖြည့်တင်းဖို့ ကြိုးစားခဲ့ကြသည်။
ယင်းနောက်ပိုင်း တိုင်းပြည်အတွင်း လူငယ်၊ လူရွယ်ပေါင်းများစွာသည် အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုက်လက်အောက်၌ အဓိပ္ပာယ်မဲ့စွာတာဝန်မထမ်းဆောင်လိုသည့်အတွက် ပြည်ပသို့ ရှောင်တိမ်းသွားခြင်း၊ တော်လှန်ရေးအင်အားစုများထံ ခိုလှုံသွားခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။
မည်သို့မျှ တိမ်းရှောင်၍ မရနိုင်သည့်ပြည်သူများလည်း စစ်ကောင်စီထံ စစ်မှုထမ်းရမည့်အရေးနှင့် ကြုံတွေ့နေကြရသည်။
မည်သို့ပင်ဆိုစေ စစ်ဘောင်ပိုကျယ်လာမည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ရှေ့ဆက်ပြီး တိုက်ပွဲများ ပိုမိုကြုံတွေ့ရဦးမည်ဖြစ်သည်။ မင်းအောင်လှိုင်၏ အာဏာတပ်မက်မှုကြောင့် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများအချင်းချင်း စစ်မက်ခင်းကာ အသက်ပေါင်းများစွာ ဆုံးရှုံးရဦးမည်သာဖြစ်သည်။
ပြည်တွင်းစစ်ကာလအတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများ အဘက်ဘက်မှ ချွတ်ခြုံကျနေသည်။ ကလေးများသည် ပညာရေးနှင့်အလှမ်းဝေးနေကြသလို ယခုကာလအတွင်း မွေးဖွားလာသည့် ကလေးများ၏ အာဟာရပြည့်ဝမှု၊ ဉာဏ်ရေးဖွံ့ဖြိုးမှုနှင့် ကျန်းမာသန်စွမ်းမှုအပိုင်းများမှာလည်း မေးခွန်းထုတ်စရာဖြစ်နေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက်ပင် ရင်လေးစရာဖြစ်နေသည်။
ထို့ကြောင့် အထက်ပါအချက်များအား ထောက်ရှုခြင်းအားဖြင့် အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်ဖျက်ဆီးမှုများအား ကျူးလွန်နေသည်ဟု ဆိုရတော့မည်။
သို့ဖြင့်ပါ၍ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် အာဏာရှင်စနစ်ကျရှုံးရေးအတွက် မြန်မာနိုင်ငံသားအားလုံး ကျရာနေရာမှ မြန်မာနိုင်ငံကို အချိန်မီကယ်တင်ကြရန် ကျွန်ုပ်တို့ မြေလတ်အသံက အလေးအနက် တိုက်တွန်းအပ်ပါသည်။
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄။
၂၀၂၁ စစ်အာဏာသိမ်းမှုကစတင်သည့် နွေဦးတော်လှန်ရေးသည် ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းစသည့် ပြည်နယ်နှင့်တိုင်းနေရာအများစု၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသက်ရောက်မှုသည် အာမခံချက်မရှိတော့။
အချို့နေရာများ၌ဆိုလျှင် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်များပင် ခြေချ၍ မရနိုင်တော့သည့် အခြေအနေသို့ ဆိုက်နေပြီဖြစ်သည်။ တိုက်ပွဲမရှိသည့် တိုင်းနှင့်ပြည်နယ်များ၌ပင် စစ်ကောင်စီ၏အုပ်ချုပ်ရေးသည် ခေါင်းအေးနေရသည်တော့မဟုတ်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကာလအတွင်း၌ မင်းအောင်လှိုင်၏ စစ်ကောင်စီစစ်တပ်အပြင် ပြည်နယ်နှင့် တိုင်းအလိုက် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အသီးသီးက နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးများကို လုပ်ဆောင်နေကြပြီဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် အုပ်ချုပ်ခံတော်လှန်ရေးအင်အားစုတချို့သည် ယခုအခါ အုပ်ချုပ်သူ လူတန်းစားအဖြစ် ပြောင်းလဲလာကြပြီဖြစ်သည်။
သာမန်အားဖြင့်ကြည့်မည်ဆိုလျှင် အာဏာရှင်မင်းအောင်လှိုင်၏ စစ်တပ် အရေးနိမ့်နေခြင်းဖြစ်ရာ ကောင်းသည့် လက္ခဏာဟု ဆိုစရာရှိသည်။
သို့သော် တဖက်မှပြန်ကြည့်လျှင် ယခုအချိန်သည် အုပ်ချူပ်သူလူတန်းစားသည် ဥပဒေများဖြင့် အုပ်ချုပ်နေခြင်းထက် သေနတ်ဖြင့် အုပ်ချုပ်နေခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးမှုဟူသည် သေနတ်ပြောင်းဝ၌ တည်နေသည်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူများဖြစ်သည့်တိုင် လက်ထဲသို့လက်နက်ရောက်သွားသည့်အခါ ၎င်းတို့ ကိုယ်တိုင်သည်ပင် အာဏာရှင်ဆန်သွားတတ်သည့် အခြေအနေများရှိလာနိုင်သည်။
ထို့ကြောင့် ဤနေရာ၌ ထောက်ပြလိုသည်မှာ အာဏာရှင်မင်းအောင်လှိုင်၏ လက်အောက်ခံစစ်တပ်မှ ဖြစ်စေ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့်တော်လှန်ရေးအဖွဲ့မှ ဖြစ်စေ ပြည်သူလူထုအပေါ် မတရားသဖြင့် ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ခြင်းများ ကျူးလွန်မည်ဆိုပါက မြေလတ်အသံအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်သွားမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
အာဏာရှင်ကို တော်လှန်နေသည်၊ တော်လှန်ရေး၌ ပါဝင်နေသည်ဆိုရုံမျှဖြင့် ပြည်သူလူထုအပေါ်ဖိနှိပ်ခြင်း၊ ထင်ရာစိုင်းပြုမှုခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ အကျင့်ပျက်ခြစားခြင်းများကို ခွင့်ပြုပေးထားမည်မဟုတ်။
တော်လှန်ရေးကာလအတွင်း မတရားမှုမှန်သမျှကို မှတ်တမ်းတင်ထားမည်သာဖြစ်ကြောင်း ဤနေရာကနေ ထပ်လောင်းပြောကြားလိုပါသည်။
ထို့နည်းတူ အခြားမီဒီယာအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအနေဖြင့်လည်း မတရားမှုမှန်သမျှကို ဖော်ထုတ်မှတ်တမ်းတင်ပြီး စစ်မှန်သည့်တော်လှန်ရေးကို ဆက်လက် ချီတက်တိုက်ပွဲဝင်သွားကြရန် ကျွနှ်ပ်တို့မြေလတ်အသံမှ အလေးအနက် တိုက်တွန်းအပ်ပါသည်။