မြေလတ်အသံ၊ ဇူလိုင် ၂၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် SRF တပ်တော်က NUG ရဲ့ COC အောက်ကို မဝင်ပေမယ့် ပူးပေါင်းလုပ်ဆောင်စရာတွေ ရှိလာတဲ့ခါ တူတာတွေတွဲလုပ်ပြီး၊ နိုင်ငံရေးအရ မတူတာတွေကို ညှိလုပ်သွားမယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် မေလ ၂၉ ရက်က SRF အနေနဲ့ NUG ရဲ့ COC အောက်ကို ဝင်မယ့် အချက်အပါအဝင် ၃ ချက်နဲ့ မင်းကင်းမြို့နယ် ပအဖနဲ့ ပူးတွဲထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ အဆိုပါ ပူးတွဲထုတ်ပြန်ချက်ဟာ NUG ရဲ့ တဖက်သတ်ဖိအားပေးမှုတွေကြောင့် ထုတ်ပြန်ခဲ့ရတာ ဖြစ်တယ်လို့ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
တဖက်သတ် ဖိအားပေးမှုတွေကြောင့် တွေ့ဆုံညှိနှိုင်းမှုမှာ ပါဝင်တဲ့ ဗဟိုကော်မတီဝင်အချို့ရဲ့ အရေးပေါ်ဆုံးဖြတ်ချက်သာဖြစ်ပြီး တပ်တော်တစုံလုံးရဲ့ ဆုံးဖြတ်ချက်မဟုတ်တာကြောင့် SRF က ပူးတွဲထုတ်ပြန်ချက်ကို လက်မခံကြောင်း ဇူလိုင် ၂၄ ရက်နေ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
“NUG က သူတို့ COC အောက် ဝင်ခိုင်းတဲ့အပေါ်မှာ လုပ်တဲ့ပုံစံက စည်းရုံးရေးမဆန်ဘူး၊ COC အောက် သွတ်သွင်းဖို့ရာ မဟုတ်မမှန်တဲ့ သက်သေအထောက်အထားမရှိတဲ့အမှုတွေ ဆင်ပြီးတော့ စွပ်စွဲတယ်။ အမှုတွေအကြောင်းပြပြီးတော့ တာဝန်ရှိသူကို ညှိနှိုင်းဖို့ ခေါ်သလိုနဲ့ ဖမ်းဆီးတယ်။ ဒီလိုလုပ်လို့မရရင် အင်အားနဲ့ ပိတ်ဆို့ပြီးတော့ ဖမ်းဆီးမှုတွေ လုပ်တယ်။ ဖမ်းဆီးခံရပြီးရင် COC အောက်ရောက်သွားပြီဆိုတဲ့ ထုတ်ပြန်ချက်မျိုးကို ထုတ်ပြန်တယ်။ အရှေ့ဖြစ်စဉ်တွေမှာလည်း ဒီလိုပုံစံပဲ လုပ်ခဲ့တာတွေကို တွေ့ကြရလိမ့်မယ်။” လို့ SRF ပြောရေးဆိုခွင့်ရှိသူ မသူသူခိုင်က ပြောပါတယ်။
အခုလိုလုပ်ရက်တွေဟာ ကြီးနိုင်ငယ်ညှင်း လုပ်ရပ်တွေဖြစ်တာကြောင့် လက်မခံနိုင်ဘဲ တပ်ပေါင်းစုနဲ့ တိုက်ခိုက်ရေးကသာ စစ်ကော်မရှင်တပ်ကို အထိနာစေမယ်လို့ သူမက ဆက်ပြောပါတယ်။
“ကျနော်တို့ရဲ့ ဖြစ်စဉ်မှာဆို အင်အားနည်းတဲ့သူကို အင်အားကြီးတဲ့ အစုအဖွဲ့က သူတို့နဲ့မှ မဟုတ်ရင် တော်လှန်ရေးလုပ်တယ်လို့ မမြင်ဘူးဆိုတဲ့ ကြီးနိုင်ငယ်ညှင်း လုပ်တဲ့ လုပ်ရပ်လို့ပဲ မြင်တယ်။ ကျနော်တို့အနေနဲ့တော့ ကြီးနိုင်ငယ်ညှင်းဝါဒကို အခုလည်း လက်မခံသလို ရှေ့လျှောက်လည်း လက်ခံမှာ မဟုတ်ဘူး။ ဒီတော့ NUG ရဲ့ COCက တခုတည်းကသာ တော်လှန်ရေးရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ သူတို့ ယူဆထားပုံရတယ်။ ကျနော်တို့ရဲ့ သဘောထားကတော့ တော်လှန်ရေးအင်အားစုတွေအားလုံး တပ်ပေါင်းစုဖွဲ့ပြီး တိုက်ခိုက်ရေးကသာ ရန်သူကို ပိုပြီးအထိနာစေမယ်လို့ မြင်ပါတယ်။” လို့ မသူသူခိုင်က ဆိုပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွါးပြီးတဲ့နောက် SRF ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့တခုလုံး ဒေသရွှေ့ပြောင်းနေကြရပြီး၊ မင်းကင်းမြို့နယ်ထဲမှာတင်မဟုတ်ဘဲ စစ်ဒေသအသီးသီးကနေ ဆက်လက်တော်လှန်သွားမယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ယခင်ကလည်း NUG နဲ့ စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေရှိပြီး တူညီတဲ့လုပ်ငန်းတွေကို ဆက်လက်ပူးပေါင်းကာ နိုင်ငံရေးအရ မတူတာတွေကို ညှိလုပ်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
“ကျနော်တို့ တပ်တော်အနေနဲ့ကတော့ အရင်ကလည်း NUG ရဲ့ COC နဲ့အတူ စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ရှေ့ဆက်ပြီးလည်း စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် ခံယူထားတဲ့ ယုံကြည်ထားတဲ့ နိုင်ငံရေးမူဝါဒတွေတော့ တူကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရေးမှာလည်း တူတာတွေ တွဲလုပ်မယ်။ မတူတာတွေကို အတတ်နိုင်ဆုံး ညှိပြီး လုပ်ဆောင်သွားမယ်။” လို့ မသူသူခိုင်က ပြောပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ တပ်သားဦးရေ ၇၈ ယောက်နဲ့ ကျောင်းသားတွေက စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းစစ်ဒေသတွေမှာ အသီးသီးလှုပ်ရှားနေတယ်လို့ သိရပါတယ်။