myaelatt athan

Sharing Information to the Local

လင်းတလူးရွာဗုံးကြဲမှု ကလေး ၃ ဦးအပါ စုစုပေါင်း ၂၂ ဦးသေဆုံး

ဒဏ်ရာပြင်းထန်သူများလို့ နောက်ထပ်သေဆုံးသူရှိနိုင်ပြီး ဆေးဝါးပစ္စည်းအရေးပေါ်လိုအပ်နေ

မြေလတ်အသံ၊ ဇူလိုင် ၁၁၊ ၂၀၂၅။

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ သစ္စဝါဒီကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း စစ်ရှောင်နေကြတဲ့ ကလေး ၃ ဦးအပါ စုစုပေါင်း ၂၂ ဦးသေဆုံးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေဟာ ကျော်ဇေယျာကျေးရွာက ကိုခင်မောင်လွင်၊ ကိုလင်း၊ ၈ နှစ်အရွယ် မောင်ဝေဖြိုး၊ မသီရိစန္ဒာ၊ ခေါ်ခင်လေး၊ မလှိုင်၊ မကြည်၊ မတင်မျိုးကြည်၊ မအေးမြတ်မော်၊ ပုဂံတူကျေးရွာက ကိုမြင့်နိုင်၊ ကိုထွန်းထွန်းနိုင်၊ ၁၂ နှစ်အရွယ် ကိုလှိုင်မင်းခန့်၊ ၁၀ နှစ်အရွယ် မောင်စိုင်းမင်းခန့်၊ ဒေါ်ပြာကြီး၊ ဒေါ်မော်ကြီး၊ မခင်ခင်ချော၊ မအေးအေးသင်း၊ မမိစိုး၊ မတင်မျိုးဆွေ၊ မသင်းသင်းခိုင်၊ မခိုင်သဇင်၊ မရွှန်းလဲ့ထွန်း တို့ဖြစ်ပါတယ်။

ဇူလိုင် ၁၁ ရက်မနက် ၁ နာရီကျော်မှာ တိုက်ခိုက်ရေးလေယာဥ် ၁ စီးက သစ္စဝါဒီကျောင်တိုက်ကို ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြတဲ့ဓမ္မာရုံပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း ဒေသခံ ၅၀ ခန့်လည်းဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး နောက်ထပ်သေဆုံးမှုတွေလည်းရှိနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့နဲ့နီးစပ်သူအမျိုးသားတဦးကပြောပါတယ်။

“စစ်ဘေးရှောင်တွေ တည်းခိုနေတဲ့ ဓမ္မာရုံကြီးပေါ်ဗုံးကတည့်တည့်ကျခဲ့တဲ့အတွက်ကြောင့် ဓမ္မာရုံကြီးလဲပြိုကျပျက်စီးသွားခဲ့ပါတယ်။ ဗုံးကြဲတဲ့အချိန်ကညအိပ်မောကျချိန် စစ်ဘေးရှောင်တွေအားလုံး ဘုန်းကြီးကျောင်းရဲ့ဓမ္မာရုံကြီးထဲမှာစုပေါင်းအိပ်ရတာဆိုတော့ နောက်ထပ်လည်းသေဆုံးမှုတွေရှိနိုင်တယ်” အထက်ပါအမျိုးသားက ပြောပါတယ်။

အဆိုပါဓမ္မာရုံအတွင်းမှာ ကျော်ဇေယျာ၊ ပုဂံတူ၊ သစ်ချိုကုန်း၊ ရုံးပင်ကန်၊ ဆင်ပြေ၊ ဒေါင်းမ၊ မအူပင်၊ ညောင်ကုန်း၊ သပြေပင်၊ တဲကြီး၊ သလွန်ဖြူ၊ ဆင်မြေစတဲ့ကျေးရွာတွေက ဒေသခံ ၁၅၀ ကျော် ခိုလှုံနေကြတာ ရက်ပေါင်း ၂၀ ခန့်သာရှိသေးတယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် တိုက်ခိုက်ရေးလေယာဥ်ဟာ လင်းတလူရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့ပြီးနောက် ကျော်ဇေယျာကျေးရွာကိုပါ ထပ်မံဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။

အလားတူပြီးခဲ့တဲ့ဇူလိုင် ၉ ရက်ကလည်း ကျော်ဇေယျာ၊ ချိုင်း၊ လင်းလူးစတဲ့ကျေး ရွာ ၃ ရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တဲ့အပြင် အုန်းတောအခြေစိုက် ၆၀၀၅ တင့်ကား တပ်ရင်းကနေလည်း ဟောင်ဝစ်ဇာတွေနဲ့ပါပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျော်ဇေယျာကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၁၇ ရက်မှစတင်ကာ ဇူလိုင် ၁၁ ရက်ဒီနေ့အထိ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲကြောင့် ရွှေဘို-မြစ် ကြီးနားကားလမ်းကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

အဆိုပါကားလမ်းပိုင်းကို ပိတ်ထားရတာ တလကျော်ကြာလာနေသလို စစ်ဘေးရှောင်ပြည်သူ သောင်းချီကာထွက်ပြေးထွက်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။