myaelatt athan

Sharing Information to the Local

မုံရွာမြို့ပေါ်က စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မုံရွာ၊ ဇူလိုင် ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ဇူလိုင် ၇ ရက် ဒီနေ့လယ်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ The Phoenix Army ဆီက သိရပါတယ်။

ဒီနေ့လယ် ၁ နာရီခွဲလောက်မှာ အင်အား ၂၅ ဦးဝန်းကျင်ရှိတဲ့အဆိုပါ စစ်ကောင်စီဂိတ်ကို မီတာ ၃၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့က သူတို့ဘေးက လမ်းကြားထဲက သွားပြီးပစ်ခတ်ခဲ့တာ၊ လက်ပစ်(ဗုံး)နဲ့ မီတာ ၃၀ လောက်ကကျနော်တို့ပစ်ခတ်တာ၊ နောက်ပြီးကျတော့ ဂန်းငယ်တွေနဲ့လည်း ပစ်ခဲ့ပါသေးတယ်၊ သူတို့ အထိအခိုက်တော့ရှိတယ်၊ အသေအဆုံးကတော့မသိရဘူး။” လို့ The Phoenix Army တာဝန်ခံ ကိုရောင်နီက ပြောပါတယ်။

အဲ့ဒီဂိတ်ဟာ လမ်းသွားလမ်းလာတွေဆီက နေ့စဥ်ငွေတောင်းတာ၊ ဆိုင်ကယ်လိုင်စင် စစ်ဆေးတာတွေလည်းလုပ်နေတာကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို The Phoenix Army နဲ့ ဗန္ဓုလနှင့်အဖွဲ့သားများအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ဦးထိခိုက်မှုရှိတယ်လို့ သူကဆက်ပြောပါတယ်။

“မြို့ပေါ်ဆိုတော့ ကျနော်တို့လည်း လျင်လျင်မြန်မြန်ပဲ လုပ်ရတာမလို့ပါ၊ အဲ့ဒီမှာရှိတဲ့ ၄ ကောင်ကတော့ ထိခိုက်ပါတယ်၊ အဲ့ဒီ ၄ ဦးကတော့ ကျနော်‌တို့ရှေ့တွင် ဝပ်သွားတာတွေ့လိုက်တယ်”လို့ The Phoenix Army တာဝန်ခံကိုရောင်နီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို The Phoenix Army ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံး၊ လွယ်အိတ် ၁ လုံးကိုသိမ်းဆည်းရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။