myaelatt athan

Sharing Information to the Local

နွားထိုးကြီးမှာ စစ်ကြောင်းတိုက်ခိုက်ခံရလို့ ၁၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦးအရှင်ဖမ်းမိ

နွားထိုးကြီး၊ ဇွန် ၂၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ဆီကနေ သိရပါတယ်။

ဇွန် ၂၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ နွားထိုးကြီးမြို့နယ်၊ သာစည်လေးကျေးရွာအနီးမှာ စစ်ကောင်စီ အင်အား ၁၃၀ ဝန်းကျင်ပါစစ်ကြောင်းကို ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးသေဆုံးကာ တပ်မ ၈၈ က ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိပြီး MA-1 ၁ လက်၊ MA-3 ၁ လက်၊ G-3 ကျည် ၉၂ တောင့်၊ ၅.၅၆ ကျည် ၁၅၀၀ တောင့်၊ M9 ၁၂ လုံး၊ ၆၀ မမ ၈ လုံး၊ ၆၀ မမ ဒေါက် ၁ ခု၊ RPG ၂ ဖူး၊ RPG ကျည် ၂ တောင့်၊ နင်းမိုင်း ၁၄ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Drone Shooter ၁ လက် နဲ့ ကျည်ဘောက် ၆ ခု တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲကြာချိန် ၂ နာရီခွဲလောက်တော့ ကြာမြင့်သွားတယ်ဗျ။ မြေပြင်စစ်ကြောင်းကို တိုက်တာဖြစ်တဲ့အတွက် အကွာအဝေးကိုတော့ ပြောဖို့ခက်မယ်။ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ထုတယ်။ မျက်မြင် သေဆုံးသွားတဲ့ စစ်သား ၁၃ ဦးထဲက ၁၂ ဦး အလောင်းကိုတော့ ပြန်ကောက်သွားကြတယ်ဗျ။ အလောင်း ၁ လောင်းကိုတော့ ကျနော်တို့ဘဲ သင်္ဂြိုဟ်ပေးခဲ့တာ။” လို့ Natogyi PDF ရဲ့တပ်ရင်းမှူး ကိုစိုးအောင်က မြေလတ်အသံကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိခဲ့တဲ့ ဒုတပ်ကြပ် ၁ ဦးကိုတော့ သေချာထိန်းသိမ်းပေးထားပြီး သူရဲ့ အခြေအနေ အသေးစိတ်ကိုတော့ လုံခြုံရေးအရမထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီစစ်ကြောင်းဟာ အနီးနားဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ တပ်ရင်းမှူး ကိုစိုးအောင်က မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။