ပဲခူးမှာ အသံဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဖေဖေါ်ဝါရီလ ၈ ရက် ဒီနေ့မနက်နဲ့ မနေ့ညက ဆက်တိုက်ဆိုသလို အသံဗုံးတွေ ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မနေ့ည ၉ နာရီဝန်းကျင်က စတင်ကာ အသံဗုံး ၆ လုံး ပေါက်ကွဲပြီး ဒီနေ့မနက်အစောပိုင်းမှာ အသံဗုံး ၂ လုံး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဗုံးသံက မနေ့ည ၈ နာရီ ၅၀ ကနေ စပေါက်တာ။ ပေါက်ကွဲချိန်တွေက သိပ်မကြာဘူး။ ဆက်တိုက်ဆိုသလို ပေါက်တာ။ ည ၉ နာရီ ၁၆ မိနစ်မှာကတော့ ဆိုရှယ်လစ် ၂ လမ်းထိပ်က ရဲတွေစောင့်နေတဲ့ မူလွန်ကျောင်းထဲကိုလည်း တလုံးပစ်ထည့်ခဲ့တာ။ မီးခိုးလုံးတွေ ထွက်သွားတာ မြင်ရတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

မဇင်းရပ်ကွက်၊ မဟာစေတီကန်ကျောင်းအုတ်တံတိုင်းနဲ့ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် ၉ လမ်း ထရန်စဖော်မာအောက်ခြေနဲ့ ပုဏ္ဏားစုရပ်ကွက်၊ ၈ လမ်းထိပ်က ထရန်စဖော်မာအနီး ပေါက်ကွဲရာမှာ ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှင်စောပုရပ်ကွက်၊ ဦးဘိုနီလမ်း ထရမ်စဖော်မာ အနောက်ဘက်က အမှိုက်ပုံနေရာနဲ့ ထရန်စဖော်မာအနီး အုတ်တံတိုင်းဘေးကပ်လျက် သရက်ပင်အောက်မှာလည်း လက်လုပ်အသံမိုင်းတွေ ပေါက်ကွဲခဲ့တာလို့ မြို့ခံတဦးဆီက သိရပါတယ်။

ဗုံးတွေ အဆက်မပြတ် ပေါက်ကွဲအပြီးမှာ စစ်အုပ်စုက ပဲခူးမြို့ပေါ်ကို ၅ နေရာလောက်ခွဲကာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး လမ်းသွားလမ်းလာတွေကို ရိုက်နှက်တာအပြင် မဖွယ်မရာ စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုဖောက်ခွဲမှုတွေနဲ့ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဖေဖေါ်ဝါရီလ ၈ ရက် ဒီနေ့မနက်မှာလည်း စစ်အုပ်စုဟာ ပဲခူးမြို့ပေါ်က ကတွင်းခြံရွာ၊ စိုင်တီရွာအဝင်နဲ့ ဆံတော်တွင်းလမ်းမ၊ ကျိုက်ပွန်ဘုရားရှေ့ ကျောက်တွင်းကုန်းလမ်းဆုံတွေမှာ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုပါတယ်။

ပဲခူးမြို့မှာ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲအတွက် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း လိုက်လံကောက်ခံမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။