ဆားလင်းကြီး၊ ဇွန် ၁၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ဒေသခံ ၈,၀၀၀ ခန့်ထွက်ပြေးနေရတယ်လို့ ညောင်ပင်ကြီးရွာခံတွေဆီက သိရပါတယ်။
ဇွန် ၁၅ ရက်ညနေ ၃ နာရီခန့်မှာ ဆားလင်းကြီးဘက်ကနေ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းဟာ ညောင်ပင်ကြီးကျေးရွာရဲစခန်းကိုစတင်ဝင်ရောက်လာတာလို့ ဆိုပါတယ်။
“သူတို့လာတဲ့ အဓိကအကြောင်းအရင်းက စစ်ကြောင်းမဟုတ်ဘဲ တော်လှန်ရေးအင်အားစုက မိုင်းခွဲလိုက်တဲ့ ယန်စီ-ဝမ်ပေါင် ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ထားတဲ့ မီးတိုင်ကိုပြန်ထောင်ဖို့လာကြတာ”လို့ ညောင်ပင်ကြီးရွာခံတဦးကပြောပါတယ်။
အဲ့ဒီနောက် ဇွန် ၁၆ ရက် ဒီမနက် ၇ နာရီခန့်မှာ အောင်ချမ်းစည်ရွာထဲကိုဝင်ကာ ညောင်ပင်ကြီးရွာနဲ့ အေးကုန်းရွာကြားမှာ လမ်းကင်းလုံခြုံရေးယူထားကြတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်လာလို့ အိမ်ခြေ ၂၀၀ ကနေ ၃၀၀ ကျော်ကြားရှိတဲ့ ညောင်ပင်ကြီး၊ သာယာကုန်း၊ ထနောင်းကုန်း၊ အေးကုန်း၊ အောင်ချမ်းစည်၊ ထန်းတောကြီး၊ ရုံးပင်ရိုးကျေးရွာတွေက ဒေသခံ ၈,၀၀၀ ခန့်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာတော့မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်က အေးကုန်းကျေးရွာအနီးရှိ ဝမ်ပေါင်နဲ့ယန်စီကုမ္ပဏီကို ဆက်သွယ်ထားတဲ့ မီးတိုင်ကို တော်လှန်ရေးအဖွဲ့ကမိုင်းခွဲလိုက်လို့ မီးတိုင် ၁ တိုင်နဲ့ ရေပိုက်လိုင်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ် ၂၇ ရက်မှာလည်း ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေအပါအဝင် ၉ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။
စာတည်း – လင်း