myaelatt athan

Sharing Information to the Local

မုံရွာမှာ ဆိုင်တွေထဲအထိ စစ်မှုထမ်းပေါ်တာဝင်ဆွဲနေပြီး အမျိုးသား ၁၃ ဦး ဖမ်းခံထားရ

မုံရွာ၊ ဇွန် ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇွန် ၂ ရက်ညနေပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ အမျိုးသားတွေကို ပြန်လည်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမြို့ပေါ် လမ်းမကြီးတွေနဲ့ မြို့ဝင်မြို့ထွက်၊ ရပ်ကွက်ကလမ်းကြားတွေကအစ လမ်းသွားလမ်းလာ အမျိုးသားတွေကိုစစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားနဲ့ အုပ်စုဖွဲ့ကာဖမ်းဆီးမှုတွေ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

“မနက်နေ့ည မရွေးဘူး စစ်ကားဖင်ထိုးပြီး ဖမ်းတာ။ ဆီဆိုင်ထဲ ဆီဖြည့်နေရင်းကို ဆွဲခံရတာဆိုတော့ မလုံခြုံတော့ဘူး။ လမ်းပေါ်မြို့ထဲမှာဆို တော်ရုံ လူငယ်တွေ သွားသွားလာလာ မလုပ်ရဲကြတော့ဘူး။ ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်တွေလည်း လူငယ်လူလတ်ပိုင်းတွေ မရှိဘူး လူကြီးပိုင်းတွေဘဲ တွေ့ရတော့တာ။”လို့ အသက် ၄၀ ကျော်အရွယ် မုံရွာမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မတ်လပိုင်း ၂၈ နေ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့ မုံရွာမြို့မှာ စစ်မှုထမ်းဖို့ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို ယာယီရပ်နားထားခဲ့ပေမယ့် ၂ လကျော်အကြာမှာတော့ ယခုလို ဖမ်းဆီးမှုတွေ ပြန်လည်လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန် ၂ ရက်ညနေပိုင်းမှာ မြဝတီရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်မှာ ဆီဖြည့်နေတဲ့ ဒယ်လီပို့ အမျိုးသား ၂ ဦး၊ ဇွန် ၄ ရက်မှာ ရေဦးဆန်ဆိုင်ဂိတ်ကိုဖြတ်သွားတဲ့ သက္ကယ်ကျင်းရွာခံ အမျိုးသား ၂ ဦး၊ ဇွန် ၉ ရက်မှာ ချမ်းမြသာစည်နဲ့ ဘုန်းစိုးရပ်ကွက်ရှိ အရက်ဆိုင် ၂ ဆိုင်က အမျိုးသား ၆ ဦး၊ ဇွန် ၁၀ ရက်မှာ ပေ ၈၀ လမ်းအတွင်း ဆိုင်ကယ်စီးအမျိုးသား ၁ ဦးနဲ့ သလ္လာကျောင်းအနီးအမျိုးသား ၂ ဦး စုစုပေါင်း အမျိုးသား ၁၃ ဦးဝန်းကျင်စစ်မှုဖမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ မြေလတ်အသံက စုံစမ်းသိရှိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ်ကနေ ၃၀ ကျော် ဝန်းကျင်အရွယ်တွေဖြစ်ပြီး ဖမ်းဆီးခံရတဲ့နေ့မှာတော့ မုံရွာမြို့ရဲ့ စစ်ကြောရေးနေရာဖြစ်တဲ့ မြို့တော်ခန်းမထဲမှာထားလေ့ရှိတယ်လို့ သိရပါတယ်။

“မနက်အစောပိုင်းဆို စစ်ကားနဲ့ ဖမ်းဖမ်းလာတယ်။ ဘယ်ကနေ ဘယ်လိုကို ဖမ်းလာများမသိဘူး။ ညနေဆိုလည်း စစ်ကားကခန်းမရှေ့ထိုးရပ်ပြီး ဖမ်းလာတဲ့သူတွေကို အော်ငေါက်ဆဲဆို ဆင်းခိုင်းတာ။ မိုးရွာရွာ နေပူပူ ဖမ်းချင်တဲ့နေ့ ထွက်ဖမ်းနေကြတာဘဲ။” လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို မြို့တော်ခန်းမထဲမှာ နှစ်ညအိပ်ထားရှိပြီးနောက်မှာတော့ မုံရွာမြို့အနောက် မြောက်တိုင်းစစ်ဌာနချုပ် – နမခ ဆီကို ပို့ဆောင်စေလွှတ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်း မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဖို့ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် မြို့ပေါ်က လူငယ်လူလတ်ပိုင်း အမျိုးသားတွေတင်မကဘဲ သက္ကယ်ကျင်း၊ လယ်ဇင်၊ အောင်သာ စတဲ့အနီးနားဝန်းကျင် ကျေးရွာကရွာသားတွေပါ မြို့ပေါ် အလုပ်မလာကြဘူးလို့လည်း အလုပ်ပွဲရုံတွေဆီက သိရပါတယ်။

စာတည်း- လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။