ချောင်းဦးကို တပ်ကူသွားတဲ့စစ်ကောင်စီယာဉ်တန်းကို အစ္စလာမ်ကွန်မန်ဒိုအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

0 3
0 3

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းပိုင်းတနေရာမှာ စစ်ကိုင်းအမြောက်တပ်ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myanmar Islamic Commando-PDF အဖွဲ့ကတဆင့် သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနေ့က မနက် ၃ နာရီ ၁၃ မိနစ်ဝန်းကျင်က ချောင်းဦးဘက်ကို တပ်ကူကား ၃ စီးထွက်လာတယ်လို့ တပ်ရင်းတွေကတဆင့် သတင်းရလို့ အသင့်ပြင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က ၃ စီးအတန်းလိုက်လာတာ၊ အရှိန်ကအရမ်းများတယ်၊ များတဲ့အပေါ်မှာဆွဲလိုက်တော့ ကားရပ်သွားတာမျိုးတော့မရှိပေမယ့်၊ အစနတွေတော့ကျနေခဲ့တယ်၊ မီးခွက်တွေ၊ ဘက်မှန်တွေပေါ့၊ နောက်ဆုံးကားကနေ တရစပ်ပစ်တယ်၊ ကျနော်တို့ကလည်း ပြန်ပစ်လိုက်တော့ သူတို့ဘက်က သေနတ်ပစ်တာ တလမ်းလုံးအနေထားမှာ လုံးဝရပ်သွားတယ်။” လို့ ပြောပါတယ်။

အပြန်လှန်ပစ်ခတ်မှု မိနစ်ပိုင်းလောက်ဖြစ်ခဲ့ပြီး အဆိုပါယာဉ်တန်းကို တခြားတော်လှန်ရေးအဖွဲ့တွေကပါ နေရာခွဲကာမိုင်းဆွဲတိုက်ခိုက်တာတွေရှိနေလို့ သေဆုံးထိခိုက်စာရင်းကတော့ အတိကျမသိရဘူးလို့ ဆိုပါတယ်။

အဖွဲ့အနေနဲ့ ရန်ပုံငွေမရှိတဲ့အတွက် တိုက်ခိုက်ရေးပစ္စည်းတွေဝယ်ယူဖို့ တောင်ယာအလုပ်တွေလုပ်ကာ ရှာဖွေနေရပြီး၊ အခုစစ်ဆင်ရေးမှာသုံးတဲ့ပစ္စည်းတွေအကုန်လုံးက စစ်ကိုင်း တပ်ရင်း-၇ ကကူညီတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်းကို တရက်ထဲ ၂ ကြိမ် ကြားဖြတ်မိုင်းဆွဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။