myaelatt athan

Sharing Information to the Local

မင်းလှမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ပစ်သတ်ခံရ

0
0

မင်းလှ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာမှာနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးဆိုသူတို့ကိုပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ည ၇ နာရီခွဲလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆားချောင်းရွာ အနောက်ပိုင်းမှာနေထိုင်တဲ့ ထောက်ကြန့်အုပ်စုအုပ်ချုပ်ရေးမှူး ဝင်လှိုင်နဲ့ ရွာအရှေ့ပိုင်းမှာနေထိုင်တဲ့ ပျူစောထီး ကတုံး (ခ) ဇော်မင်းထွန်းတို့ကို ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“ပျူစောထီးကတုံးကို သွားရှင်းတော့ အိမ်မှာတင်တွေ့လို့ တခါတည်းရှင်းနိုင်တယ်။ အုပ်ကြီးဝင်းလှိုင်က အိမ်မှာမရှိဘဲ သူ့တအိမ်ကျော်က မင်္ဂလာဆောင်ရောက်နေတာ။ သူ့သမီးကို သွားခေါ်ခိုင်းရတယ်။ သူက ကျနော်တို့ရဲဘော်တွေကို PDF မှန်းမသိဘူး။ သူမင်္ဂလာဆောင်အိမ်ကအထွက် သူ့အိမ်မရောက်ခင် ကြားထဲက အိမ်ရှေ့မှာရှင်းလိုက်တာ။” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောပါတယ်။

ပျူစောထီး ကတုံးဟာ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ခိုင်းသမျှကို လုပ်ဆောင်ပေးနေသူဖြစ်ပြီး သူတို့ ၂ ဦးကြောင့် ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ဆီကနေ လက်လုပ်သေနတ် ၁ လက်နဲ့ ကျည် ၁၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ ၂ ဦးဟာ လူငယ်တွေကိုစစ်မှုထမ်းရန် ဖိအားပေးလူစုစောင်းတာ၊ စစ်မှုထမ်းကြေး ဆိုကာ ငွေအတင်းအကြပ်ကောက်ခံတာ၊ ငွေမပေးသူတွေကိုလည်း စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာ၊ လက်နက်ပြပြီး ဖိနှိပ်ဒုက္ခပေးတာတွေ လုပ်တဲ့အတွက် အခုလိုပစ်ခတ်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ထုတ်ပြန်ရေးသားထားပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ဟာ ယခင်ထောက်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ကျော်ဦးကို စစ်ကောင်စီတပ်သားတွေဝိုင်းရိုက်လို့ ဆေးရုံတက်နေတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူး ဝင်လုပ်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာ၊ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူးသန်းထွေးကို ၎င်းရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ပြီး မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခုနဲ့ ထောက်ခံစာ စာရွက်တွေကို သိမ်းဆည်းရရှိခဲ့တယ်သေးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။