ပခုက္ကူ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅။
ဖေဖော်ဝါရီတတိယအပတ်အတွင်း ပခုက္ကူမြို့နယ်ထဲက ကျေးရွာ ၂၂ ရွာကို Paramotor – စက်တပ်လေထီး အသိပညာပေး လက်ကမ်းစာစောင်တွေဖြန့်ဝေပေးခဲ့တယ်လို့ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၄၊ ၂၅၊ ၂၆ နေ့တွေမှာ ကျေးရွာပေါင်း ၂၂ရွာကို ကွင်းဆင်းပြီး Paramotor – စက်တပ်လေထီး အသိပညာပေး လက်ကမ်းစာစောင်တွေဖြန့်ဝေခဲ့သလို သေချာဖတ်ရှုလေ့လာကြဖို့တိုက်တွန်းခဲ့တယ်လို့ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
“အာဏာသိမ်းစစ်တပ်ဟာ တနေ့ထက်တနေ့ နယ်မြေတွေ ဆုံးရှုံးတာ၊ စစ်ရှုံးလာရတာနဲ့အမျှ လေယာဉ်၊ လေထီး၊ လက်နက်ကြီးတွေကို ပိုမိုအသုံးပြုလာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ စစ်ရေးအသိရှိကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်” လို့ သူကပြောပါတယ်။


စက်တပ်လေထီးနဲ့ပတ်သက်တဲ့ အသိပညာပေးလက်ကမ်းစာစောင်တွေကို ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဦးဆောင်ကာ ကျေးရွာပေါင်း ၂၂ ရွာမှာရှိတဲ့ စာသင်ကျောင်း၊ ဈေးဆိုင်နဲ့ လူစည်ကားရာနေရာတွေမှာ ဖြန့်ဝေပေးခဲ့ကြပြီး စက်တပ်လေထီးတွေအကြောင်းနဲ့ အန္တရာယ်ပေးနိုင်တဲ့အခြေအနေတွေကို ရှင်းပြပြောဆိုတာ၊ ပညာပေးစာစောင်ပါအချက်အလက်တွေကို သေချာဖတ်ရှုလေ့လာဖို့တိုက်တွန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူ စတဲ့မြို့တွေမှာ စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိနေပြီဖြစ်ပါတယ်။



