myaelatt athan

Sharing Information to the Local

ရွှေဘိုမြို့အနီး တိုက်ပွဲဖြစ်၊ လက်နက်ကြီးထိလို့ ထောက်ပို့အမျိုးသား ၁ ဦးသေဆုံး

ရွှေဘို၊ ဇွန် ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်အထွက် ရွှေဘို-မန္တလေး လမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းထောက်ပို့အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇွန် ၄ ရက်ညနေ ၄ နာရီ ၄၅ မိနစ်မှာ ရွှေဘိုတောင်ဘက်အထွက် စစ်ဆေးရေးဂိတ်ကစစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းထွက်လာချိန် ဒေသကာကွယ်ရေးပူးပေါင်း တပ်တွေနဲ့ ၁ နာရီခွဲလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက လေးငါးရက်လောက်ရှိနေပြီ၊ အဲ့နားမှာက ပွိုင့်ထွက်လာတာ သူ့ဘက်ကလည်း အင်အားများတယ်။ ကိုယ့်ဘက်ကလည်း အင်အားများတယ်။ လမ်းကြောင်းလည်းပိတ်ထားတယ်။ သူတို့ထွက်လာချိန် မိုင်းဆွဲရင်းနဲ့ ထိတွေ့မှုဖြစ်ကြတာ။ သူတို့ဘက်ကလည်းအထိနာတယ်။ ကိုယ့်ဘက်ကလည်း ၃ ယောက်မှာတယောက်ကကျတယ်”လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ထိခိုက်သူများပြားတယ်လို့သိရပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ထောက်ပို့လုပ်ပေးနေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးခေါင်းနီဆိုသူ သေဆုံးကာ တဂဏန်းပအဖ အဖွဲ့ဝင် ၁ ဦးနဲ့ မြို့နယ်ပကဖ အဖွဲ့ဝင် ၁ ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ရွှေဘိုမြို့နယ်ပကဖ၊ တိုက်နယ်နဲ့ ကျေးရွာပကဖအဖွဲ့များ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆၊ တပ်ရင်း ၂၃၊ ဒီပဲယင်းပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့တောင်ဘက်အထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ဘက်ကို ပြန်ဆုတ်သွားပြီး ဇွန် ၅ ရက်နေ့မနက်ပိုင်းထိတော့ တိုက်ပွဲထပ်ဖြစ်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

မေ ၁၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်သိပ္ပံတက္ကသိုလ်နဲ့ ပန်းရံကျေးရွာသွားလမ်းပေါ်မှာ ဒုရဲအုပ်အပါအဝင် ၂ ဦးပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။